ယခုနှစ်အတွက် Hall of Fame စာရင်းတွင် အာဆင်နယ်အသင်း ကစားသမားဟောင်းများဖြစ်သည့် တိုနီအဒမ်နှင့် ပီတာချက်တို့ ဂုဏ်ပြုခံရ

ယခုနှစ်အတွက် Hall of Fame စာရင်းတွင် အာဆင်နယ်အသင်း ကစားသမားဟောင်းများဖြစ်သည့် တိုနီအဒမ်နှင့် ပီတာချက်တို့ ဂုဏ်ပြုခံရ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏  ယခုနှစ်အတွက် Hall of Fame စာရင်းတွင် အာဆင်နယ် အသင်း ကစားသမားဟောင်း နှစ်ဦးဖြစ်သည့် တိုနီအဒမ် နှင့် ပီတာချက်တို့ ပါဝင်လာခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က     ၂၀၂၁ ခုနှစ်မှစ၍  ပြိုင်ပွဲသမိုင်းတစ်လျှောက် ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့ကြသည့် ကစားသမားများကို ရွေးချယ် ဂုဏ်ပြုရန် Hall of Fame အမည်ရှိ ပြတိုက်တစ်ခု တည်ဆောက်ပြီး ကစားသမားများကို ရွေးချယ်ဂုဏ်ပြု ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီး အသင်းကစားသမားဟောင်း ဂိုးသမားပီတာချက်သည် ချယ်လ်ဆီး အသင်းနှင့်အတူ    ဆုဖလားများ ရယူနိုင်သကဲ့သို့ အာဆင်နယ်အသင်း၌လည်း  အကောင်းဆုံး လက်စွမ်းပြနိုင်သည့်အတွက် Hall  of   Fameစာရင်းတွင် ထည့်သွင်း ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။

အလားတူ အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမား တိုနီအဒမ်သည်လည်း အာဆင်နယ်အသင်း သမိုင်းတစ်လျှောက် တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ပရီးမီးယား လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမား အဖြစ်ပါဝင်ခဲ့သူ ဖြစ်သည့်အတွက် Hall of Fame စာရင်းတွင် ထည့်သွင်းခံခဲ့ရခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က   ယခုနှစ်အတွက် Hall of Fame စာရင်းတွင် နည်းပြနှစ်ဦး  နှင့် ကစားသမား သုံးဦးရွေးချယ်ခဲ့ရာ နည်းပြနှစ်ဦး တွင်  ဖာဂူဆန်နှင့်  အာဆင်ဝင်းဂါးတို့ ပါဝင်လာပြီး ကစားသမားသုံးဦးတွင် ရီယိုဖာဒီနန်၊ တိုနီအဒမ်နှင့် ပီတာချက်တို့ပါဝင်လာသည်။

လက်ရှိအချိန်ထိ Hall of Fame  စာရင်း၌ ၂၀၂၁ ခုနှစ်က အလန်ရှီးယား၊ အွန်နရီ၊ ကန်တိုနာ၊ ရွိုင်ကိန်း၊ ဒေးဗစ်ဘက်ခမ်း၊ ဒက်ချမ့်ဘားကမ့်၊ ဖရန့် လမ်းပက်၊ စတီဗင်ဂျရက်၊ ၂၀၂၂ ခုနှစ်က ဗီယာရာ၊ ရွန်နီ၊  အီယန်ရိုက်ဒ်၊  ရှမိုက်ကယ်၊   ပေါလ်စခိုး၊ ဒရော့ဘာ၊  ကွန်ပနီနှင့်အဂူရို၊ ယခုနှစ်တွင် ဖာဒီနန်၊ တိုနီအဒမ်၊ ပီတာချက်တို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။