ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို  ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး ငါးမြို့၌     ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ် (ခွန်ဘိုကာတာ)   အားကစားနည်း(အမျိုးသား/အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အကပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး (အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက  မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (အမျိုးသား)အခြေခံပြကွက် (လက်)ပြိုင်ပွဲတွင် မောင်လှိုင်ချစ်ဦးက မြန်မာနိုင်ငံအတွက် ပထမဆုံးကြေးတံဆိပ်ဆုကို လည်းကောင်း၊ (အမျိုးသမီး)ဝါးညှပ်အကပြိုင်ပွဲတွင် မမြတ်နိုးဝေက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ (အမျိုးသား) လက်သိုင်းအပြပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်က ကြေးတံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီး   ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၄ ရက်တွင် ကျင်းပရာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုရရှိခဲ့သည့် မနီလာစိုးဦးကို      မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ   အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို   တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် PHNON PENH University တွင် ကျင်းပသည့် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ ၊ နှစ်ယောက်တွဲပြိုင်ပွဲများကို လည်းကောင်း၊ National Olympic Stadium Indoor Hall ၌ ကျင်းပလျက်ရှိသည့် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်    မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားအသင်းမှ မြန်မာအသင်းကို   ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ National Olympic Stadium ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ မြန်မာအားကစားသမားအနေဖြင့် မေ ၄ ရက်အထိ ငွေတံဆိပ် တစ်ခု၊ ကြေးသုံးခု စုစုပေါင်းဆုတံဆိပ် လေးခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။