(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်  မေ  ၅

 

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်    (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် Morodok Techo National Stadium ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံအလံကို သတ်မှတ်နေရာတွင် လွှင့်တင်ပြီး ရိုးရာအကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့်    တင်ဆက်ဖျော်ဖြေကြသည်။

ယင်းနောက်   ပြိုင်ပွဲဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမော၊ စင်ကာပူ၊ ဗီယက်နမ်နှင့်    အိမ်ရှင်ကမ္ဘောဒီးယား အားကစားအဖွဲ့များ ကွင်းအတွင်း ဝင်ရောက် နေရာယူကြသည်။

ယင်းနောက်     အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အလံနှင့် ဆီးဂိမ်းပြိုင်ပွဲအလံတို့ကို   ကမ္ဘောဒီးယား နိုင်ငံ၏ နိုင်ငံဂုဏ်ဆောင် အားကစားသမားများက ကွင်းအတွင်းသယ်ဆောင်ကာ သတ်မှတ်နေရာတွင် လွှင့်တင်ကြသည်။    ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံမှ  အားကစားသမားတစ်ဦးနှင့် ဒိုင်လူကြီးတစ်ဦးတို့က အားကစားသစ္စာအဓိဋ္ဌာန်နှင့် ဒိုင်လူကြီးသစ္စာ အဓိဋ္ဌာန်တို့ကို ရွတ်ဆိုကြပြီး ဆီးဂိမ်းမီးရှူးတိုင်ကို ကွင်းအတွင်း သယ်ဆောင်ကာ မီးထွန်းညှိပေးသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပခြင်းဖြစ်ပြီး မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အားကစားနည်းအချို့ကို ဧပြီ ၂၉ ရက်ကတည်းက စတင်ကျင်းပလျက်ရှိပြီး ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်း ၃၆ မျိုး၊ သရုပ်ပြအားကစားနည်းတစ်မျိုး စုစုပေါင်း ၃၇ မျိုး ထည့်သွင်းကျင်းပလျက်ရှိသည်။

ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်း ၃၆ မျိုးတွင် ရွှေတံဆိပ် ၅၈၄ ခုချီးမြှင့်မည်ဖြစ်ပြီး ပထမဆုံး ကျင်းပခွင့်ရသည့် ဆီးဂိမ်းပြိုင်ပွဲ ဖြစ်သောကြောင့် အောင်မြင်စွာ ကျင်းပနိုင်ရန်   အချိန်ယူပြင်ဆင်ထားခြင်း ဖြစ်သည်။ ယခုပြိုင်ပွဲကို အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး မြန်မာနိုင်ငံက အားကစားနည်း ၁၉ မျိုးတွင် အားကစားသမား ၃၄၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ကိုညီလေး