စိုက်ပျိုးပူဇော် မဟာဗောဓိပင်တော် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေသော်

စိုက်ပျိုးပူဇော် မဟာဗောဓိပင်တော် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေသော်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့တွင်   ယခင်နှစ်များထက် ပိုမိုထူးခြားစွာ ဘာသာသာသနာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သည်ကို  တွေ့ရှိရသည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့ ဆိုသည့်အတိုင်း မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည့်အတွက် ကဆုန်လပြည့်နေ့မတိုင်မီကပင် ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်အပါး ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်  မဟာမင်္ဂလာအခမ်းအနားနှင့်   ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပွဲကျင်းပခြင်းစသည်ဖြင့် ကဆုန်လပြည့်နေ့ မတိုင်မီက ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ကဆုန်လပြည့်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၌ သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်းလောင်းလှူဒါန်းပွဲမှာလည်း စည်ကားသိုက်မြိုက်လွန်းလှပါသည်။

ကဆုန်လပြည့်နေ့တွင် အစဉ်အလာမပျက် ဆောင်ရွက်သည်မှာ ကဆုန်ညောင် ရေသွန်းလောင်းပူဇော်ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကို နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ နိုင်ငံတော် အဆင့်အခမ်းအနားအဖြစ် အထူးစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ထိုသို့ကျင်းပမှုများစွာထဲက စာရေးသူတင်ပြလိုသည့်အကြောင်းမှာ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း၌ ကဆုန်လပြည့်ကုသိုလ် တော်အဖြစ် မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင်တော်စိုက်ပျိုးပူဇော်ခြင်း  မင်္ဂလာအခမ်းအနားကျင်းပခြင်းဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ   နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ်တော်အဖြစ်   မုစလိန္ဒနဂါးရုံ ဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင် တော်စိုက်ပျိုးခြင်းမင်္ဂလာ အခမ်းအနားတို့ကို မေ ၃ ရက်(ကဆုန်လပြည့်)နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့ပါသည်။

မုစလိန္ဒနဂါးရုံကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်း အစီအစဉ်ပြီးမြောက်သည်နှင့် မဟာဗောဓိပင်တော်စိုက်ပျိုးခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယ ပူဇာဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ  သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခရောပနပူဇာဂါထာကို  ဖတ်ကြားပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က   မဟာဗောဓိပင်တော်စိုက်ပျိုးပူဇော်မည့် နေရာတွင် ကျောက်မျက်ရတနာများကို ထည့်သွင်းပူဇော်သည်။

ဆက်လက်၍   မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က  မဟာဗောဓိပင်တော်ကိုစိုက်ပျိုး၍ မြေဆီမြေလွှာမြေသြဇာများ ကျွေးမွေးကာ  ရေစင်ရေသန့်များ သွန်းလောင်းပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ဇယမင်္ဂလာများ ဆောင်ရွက်ကြသည်။ ယင်းနောက် အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာကို    ဖတ်ကြား၍မေတ္တာပြုအမျှပေးဝေပြီး  ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို   ပြီးမြောက်ခဲ့ပါသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မဟာဗောဓိပင်တော်အား   လက်ယာရစ်လှည့်လည်ပူဇော်၍ မဟာဗောဓိပင်စိုက်ပျိုးအောင်မြင်ခြင်း အထိမ်းအမှတ်ရတနာရွှေမိုး၊   ငွေမိုးများရွာသွန်းဖြိုးခဲ့သည်။ဤသည်မှာ နိုင်ငံတစ်ဝန်းလုံးက ရုပ်မြင်သံကြားသတင်းတွင် တွေ့မြင်လိုက်ရသည်ကို ပြန်လည်တင်ပြခြင်းဖြစ်သည်။

ဤသတင်းကိုကြည့်ရှုရင်း စာရေးသူစိတ်တွင် သီချင်းစာသားအချို့ကအလိုလိုပေါ်လာပါသည်။ မဟာဗောဓိပင်နဲ့တစ်လံကွာပါသည်..စကြဝဠာငြိမ်သက်၍ မြက်ရှစ်ဆုပ်ကြဲတော်မူလေသည်။

သြော်...တစ်ဆယ်နဲ့လေးတောင် ကျယ်ဝန်းပါတဲ့..ပလ္လင်တော်ပေါ်ထွန်းလာခဲ့သည်၊ ဘုရားမဖြစ်သမျှ  ငါမထဟု လုံ့လဥဿဟစုံအညီ၊   ဗောဓိပင်..ရွှေပလ္လင်ထက်ဝယ်  ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်.. ရွှေတိုင်ညွန့်ရေးခဲ့သော ဗောဓိပင်နှင့် ရွှေပလ္လင်သီချင်းစာသားဖြစ်သည်။

စာရေးသူအနေဖြင့် အဓိကတင်ပြလိုသည်မှာ မဟာဗောဓိပင်အကြောင်း ဖြစ်ပါသည်။  မဟာဗောဓိပင် ဆိုသည်မှာမြတ်စွာ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားနှင့် ဖွားဖက်တော် ခုနစ်ပါးရှိရာတွင် မဟာဗောဓိပင်လည်းပါဝင်သည်။   အဆိုပါဖွားဖက်တော်ခုနစ်ပါးမှာ  ယသောဓရာဒေဝီ၊ ညီတော်အာနန္ဒာ၊ ကာဠုဒါယီအမတ်၊ မြင်းမြီးဆွဲမောင်စံ(ဆန္နအမတ်)၊ ကဏ္ဍကစီးတော်မြင်း၊ ဗောဓိညောင်ပင်၊ ရွှေအိုးကြီးလေးလုံးတို့ ဖြစ်သည်။   ဗောဓိပင်သည် သုံးလောကထွတ်ထား   မြတ်ဘုရား၏ ဖွားဖက်တော်တစ်ပါး ဖြစ်သလို   သစ္စာလေးပါးမြတ်တရားတို့ကို သိမြင်တော်မူသော နေရာဖြစ်၍ အလွန်ထူးမြတ်လှသည်။

ဗောဓိဉာဏ်ကိုရရန် အားထုတ်တော်မူရာ၌ အမှီပြုတော်မူခြင်းဖြစ်၍  စေတီတော်လေးမျိုးအနက် ပရိဘောဂစေတီတွင် ပါဝင်ပါသည်။

စေတီဆိုသည်မှာ ပူဇော်သင့်ပူဇော်ထိုက်သည့်အရာဖြစ်သည်။  ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် စေတီလေးမျိုးမှာ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီနှင့်ဓမ္မစေတီတို့ဖြစ်သည်။ ထိုစေတီများထဲတွင် ဗောဓိပင်သည် ပရိဘောဂစေတီမည်၏။ ထို့ကြောင့် ဂေါတမရှင်တော်မြတ်စွာဘုရား   ပွင့်တော်မူရာဖြစ်သော ဗောဓိညောင်ပင်သည် ပူဇော်ထိုက်သည့် ထူးမြတ်သောသစ်ပင်ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ သစ္စာလေးပါး မြတ်တရားကို သိမြင်တော်မူရာ သစ်ပင်မှာကားညောင် ဗုဒ္ဓဟေ(ညောင်နီ)ပင်ဖြစ်၍  ထိုညောင်ဗုဒ္ဓဟေပင်သည်    ဂေါတမဘုရားရှင်သာသနာတော်၌ ဗောဓိပင်မည်ပါသည်။ ယင်းဗောဓိပင်သည် ဂုဏ်အားဖြင့်ကြီးမြတ်သည့် သဘောရှိသဖြင့် မဟာဗောဓိပင် ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ပါဠိစာပေ၌ ဗောဓိသည် အရိယာမဂ်၊ သဗ္ဗညုတဉာဏ်နှင့်  ဗောဓိပင်ဟူသော အနက်အဓိပ္ပာယ်သုံးမျိုးတို့ကို ပြဆိုထားပါသည်။ အရိယာမဂ်သည် သစ္စာလေးတန်တရားမှန်ကို  သိမြင်တတ်သောကြောင့် ဗောဓိမည်ပါသည်။ သိသင့်သမျှဉေယျတရားတို့ကို   သိမြင်နိုင်သောကြောင့် သဗ္ဗညုတဉာဏ်တော်သည် ဗောဓိမည်ပါသည်။ ဘုရားရှင်တို့ပွင့်တော်မူရာ သစ်ပင်တို့ကား သစ္စာလေးပါး ဉေယျတရားတို့ကို ပိုင်းခြား ထင်ထင်သိမြင်တော်ရာ ဖြစ်သောကြောင့် ဗောဓိပင်ဟုခေါ်ပါသည်။ မဟာဗောဓိပင်ကို စိုက်ပျိုးခြင်းမှာ   ပရိဘောဂ စေတီတည်ထားခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှေးအစဉ်အလာ မင်းကောင်းမင်းမြတ်တို့၏ ကျင့်ထုံးအတိုင်း ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့် ရှောက်ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း မဟာဗောဓိပင်စိုက်ပျိုးခြင်းလည်း ပါဝင်ပါသည်။   မြန်မာနိုင်ငံတွင် ဗောဓိပင်စိုက်ပျိုးသည့်  အချိန်ကာလကို အစောဆုံးတွေ့ရှိရသည်မှာ  သက္ကရာဇ် ၅၃၆ ခုနှစ်တွင်ဖြစ်သည်။ ပုဂံ၌နန်းတက် တော်မူသည့်    အလောင်းစည်သူ၏ မြေးတော်  နရပတိစည်သူလက်ထက်တွင် ပေါင်းလောင်းရှင်ဟု ခေါ်ကြသော အရှင်ပဿမထေရ်သည် သီဟိုဠ်သို့ သွားရောက်ကာ အပြန်ခရီးတွင် မဟာဗောဓိညောင်စေ့များကို ယူဆောင်လာပြီးနောက် နရပတိစည်သူမင်းအား    ပေးတော်မူကြောင်း မှတ်တမ်းများတွင်  ဖော်ပြထားသည်။ပင်းယခေတ်တွင်  ဥဇနာမင်းကြီးသည် သက္ကရာဇ် ၇၀၂ ခုနှစ်တွင်  ဗောဓိပင်ကို စိုက်တော်မူ၏ဟု   သာသနာလင်္ကာရစာတမ်း ၁၂၆ တွင် ပြဆိုထားပေသည်။

မြန်မာနိုင်ငံသို့ ဗောဓိပင်များရောက်ရှိခဲ့သည့်    သာဓကများနှင့်စပ်လျဉ်း၍ သက္ကရာဇ် ၅၆၃ ခုနှစ်တွင် ရေးထိုးခဲ့သော သင်ကြီးညောင်အုပ်ကျောက်စာ၊ သက္ကရာဇ် ၆၅၃ ခုနှစ် စောလှဝန်းကျောက်စာတို့တွင် တွေ့ရှိရသော အထောက်အထားများအရ ပုဂံခေတ်တွင်  မဟာဗောဓိပင်များ ရှိနေပြီဖြစ်ကြောင်း  လေ့လာသိရှိရပါသည်။ ထူပါရုံဒါယကာမင်းနရပတိကြီး (၈၀၄ ခုနှစ်)လက်ထက်နှင့် ပြည်စုန်မင်း မဟာသီဟသူရ   (၈၃၀ ပြည့်နှစ်)တို့ လက်ထက်၌ မဟာဗောဓိပင်တို့ကို လှူသွားကြသည်ကိုတွေ့ရှိရသည်။ မွန်ဘုရင်ဓမ္မစေတီမင်း (၈၃၃ ခုနှစ်)သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏အနောက်မြောက်  ဆံတော်ကြီးလမ်းရှိ  ကုန်းတော်(ယခုဗောဓိကုန်း)ပေါ်တွင်သီဟိုဠ်ဒက္ခိဏသာခါ ဗောဓိပင်တော်မှရသော မျိုးစေ့ဖြင့် စိုက်ပျိုးထားသည်။ ကုန်းဘောင်ခေတ်မင်းများ လက်ထက်တွင်လည်း မဟာဗောဓိပင်များစိုက်ပျိုးကြောင်း အထောက်အထားများရှိပါသည်။

ဗောဓိပင်ကိုပူဇော်ခြင်းသည် ဘုရားရှင်ကို ပူဇော်ခြင်းဖြစ်သည်။    ဘုရားရှင်ကိုယ်တော်တိုင် အသုံးပြုတော်မူသော ဗောဓိပင်မြတ်သည် စေတီတော်မည်၏ဟု ဘုရားရှင်က အရှင်အာနန္ဒာအား မိန့်ကြားတော်မူခဲ့ပါသည်။ အရှင်အာနန္ဒာသည် ဇေတဝန်ကျောင်းတော်တံခါးဝ၌ ဗောဓိပင်စိုက်ပျိုးရန်အတွက် ကောသလမင်းကြီး၊ အနာထပိဏ်သူဌေးနှင့် ဝိသာခါဒါယိကာမကြီးတို့အား တာဝန်ပေးပါသည်။ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် မူလမဟာဗောဓိပင်ကြီးမှေကြွေကျသော ဗောဓိသီးမှည့်ကိုမြေမရောက်မီ ခံယူခဲ့ပြီး ယူဆောင်လာရာ အစီအစဉ်အတိုင်း စိုက်ပျိုးကြလေသည်။ ထိုဗောဓိပင်ကို   အရှင်အာနန္ဒာကြီးမှူး စိုက်ပျိုးသောကြောင့် အာနန္ဒာဗောဓိ ဟုခေါ်ဆိုကြသည်။ ထိုဗောဓိပင်ကိုမြတ်စွာဘုရား သက်တော်ထင်ရှား   ရှိတော်မူစဉ်ကပင် လူအများကိုးကွယ်ပူဇော်ကြသည်ဟု ထေရသကနိပါတ် ကာလိင်္ဂဗောဓိဇာတ်၌ ဖော်ပြပါရှိပါသည်။

ဗောဓိပင်ကို  စိုက်ပျိုးပူဇော်ခြင်းနှင့် ပတ်သက်ပြီး အသနဗောဓိယမထေရ်လောင်းသည်   တိဿဘုရားရှင်တို့၏ ဗောဓိပင်ကိုစိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်သားဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊   အပါယ်ဘေးမှ လွတ်ကင်းရခြင်း  စသည့် အကျိုးကျေးဇူးများကို ရရှိသည်။ ဂန္ဓောဒကတိဿမထေရ် လောင်းအနေဖြင့် ပဒုမုတ္တဘုရားရှင်တို့၏ ဗောဓိပင်ကို နံ့သာရည်သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ အနာရောဂါကင်းရှင်းခြင်း၊ ကျန်းမာသုခပြည့်စုံခြင်း  စသောအကျိုးကျေးဇူးများကို စံစားရပါသည်။

မြန်မာနိုင်ငံတွင် မင်းကောင်းမင်းမြတ်အဆက်ဆက်တို့၏   သာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းမှုကြောင့် ယနေ့တိုင် ကမ္ဘာတွင်မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓသာသနာ  တည်တံ့ခိုင်မြဲရှည်ကြာသော နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်တည်ရှိ နေပါသည်။

ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်သည့်အတိုင်း ကောင်းမှုမြတ်နိုးကာ ကောင်းမှုပြုသူများအတွက် ကောင်းသောအကျိုးများ တိုးပွားမည်သာဖြစ်သည်။  အထူးသဖြင့် ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား   ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားပူဇော်နေခြင်းမှာ  နိုင်ငံသူနိုင်ငံသားများ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝပြီး ကပ်ကြီးသုံးပါးကျော်လွှားနိုင်ရေးအတွက် ကောင်းသောအကျိုးစီးပွားကို ရှေးရှုခြင်းဖြစ်သည်။

မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်လေးရပ်ဖြင့်   တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခုအခါ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင်နှုန်းခန့်  ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။  မာရဝိဇယဥယျာဉ်တော်အတွင်း ဘုရားဖူးလာရောက်ကြသူအပေါင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်စိုက်ပျိုးသည့် မဟာဗောဓိပင်ကိုလည်း ကုသိုလ်တော်ပွားများ နိုင်တော့မည်ဖြစ်သည်။ ထိုကောင်းမှုအစုစုကြောင့်    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်   တိုင်းပြည်သာယာဝပြောပြီး စားရေရိက္ခာများပေါကြွယ်ပါစေ။ ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းပါစေ။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ပါစေ။ မကောင်းသော ဘေးရန်အပေါင်း ကင်းစင်လွင့်ပျောက်၍ ကောင်းသော   စီးပွားလာဘ်လာဘများ တိုးပွားပါစေကြောင်း   ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။   ။