ခြင်းလုံးအားကစားနည်းသည် မြန်မာနိုင်ငံ၏ ရိုးရာအားကစားနည်းဖြစ်သည့်အတွက် ခြင်းလုံး အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရရှိအောင် ယှဉ်ပြိုင်ကစားသွားကြရန်လို
နေပြည်တော် မေ ၅
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hotel Cambodiana ၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ Anik Palace Hotel၌ တည်းခိုနေထိုင်လျက်ရှိသည့် မြန်မာပီတန်း အားကစားအဖွဲ့၊ Citadines Hotel ၌ တည်းခိုနေထိုင်လျက် ရှိသည့် မြန်မာဘော်လီဘော (အမျိုးသား) အားကစားအဖွဲ့တို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာအားကစားအဖွဲ့များအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်စွာ ရိုင်းပင်းကူညီနေထိုင်သွားကြရန် လိုကြောင်း၊ မိမိကိုယ်မိမိယုံကြည်မှုရှိရန်နှင့် အသင်းအဖွဲ့ စိတ်ဓာတ်ထားရှိရမည် ဖြစ်ကြောင်း၊ ခြင်းလုံးအားကစားနည်းသည် မြန်မာနိုင်ငံ၏ ရိုးရာအားကစားနည်းဖြစ်သည့်အတွက် ခြင်းလုံးအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်း၊ အရည်အသွေးများကို ဖော်ထုတ်ပြသပြီး ယှဉ်ပြိုင်ကစားသွားကြရန် လိုကြောင်း၊ မိမိနိုင်ငံ ဂုဏ်သိက္ခာ မြင့်တက်စေရန်နှင့် နိုင်ငံတော် အလံအား နိုင်ငံတကာ၏ အလယ်တွင် လွှင့်တင်နိုင်ပြီး နိုင်ငံတော်သီချင်းအား ဂုဏ်ယူဝင့်ကြွားစွာ သီဆိုနိုင်စေရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ တင်ပြပေးရန်ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်လွင်