အနုပညာသည် ပြည်သူအတွက်မို့ လက်ခုပ်တီး၍ကြိုဆိုမည် မြန်မာ့ရုပ်ရှင်အကယ်ဒမီ
၂၀၂၃ ခုနှစ် မေလ ၆ ရက်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု တစ်နည်းအားဖြင့် အကယ်ဒမီပေးပွဲကြီးကို နေပြည်တော်တွင် ကျင်းပမည်ဟု သတင်းများအရ သိရှိရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မချီးမြှင့်နိုင်ခဲ့သည့် ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ် သုံးနှစ်စာအတွက် ချီးမြှင့်မည်ဖြစ်သောကြောင့် အကျုံးဝင်သည့် အနုပညာရှင်များနှင့် အတတ်ပညာရှင်များကတော့ ပြုံးပျော်နေကြပေတော့မည်။ ဆုပေးပွဲကြီးကိုလည်း ခမ်းနားထည်ဝါစွာ စည်စည်ကားကား ကျင်းပနိုင်အောင် တာဝန်ရှိသူအသီးသီးက စီမံဆောင်ရွက်နေသဖြင့် အချိုပေါ် သကာလောင်းသည့်နှယ် ရှိနေပါတော့သည်။
၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု သက်တမ်းသည် နှစ်ပေါင်း ၇၀ ကျော်လွန်ခဲ့ပြီဖြစ်ပြီး မကြာမီစိန်ရတုကာလဆီ ရောက်ရှိပါတော့မည်။ အကယ်ဒမီဆုပေးပွဲ ပြန်လည်ကျင်းပမည့် သတင်းများကို စတင်ကြားသိခဲ့စဉ်ကပင် ပြည်သူထဲက ပြည်သူတစ်ဦးအနေဖြင့် စာရေးသူဝမ်းသာမိခဲ့သည်။ ကိုယ့်ပတ်ဝန်းကျင်မှ မိတ်ဆွေများသည်လည်း ထိုနည်းအတိုင်း ပျော်ရွှင်မှုနှင့်အတူ မုဒိတာစိတ်များ ဖြစ်ပေါ်
ခဲ့ကြသည်။ မိမိတို့ချစ်ခင် အားပေးသော အနုပညာရှင် များအတွက် လက်ခုပ်တီးအားပေးရန် ပြင်ဆင်နေကြလေပြီ။ ပြည်သူများပင် ကြိုတင်ဝမ်းသာနေပြီဆိုပါက ကာယကံရှင်များအတွက်မူကား ဆိုဖွယ်မရှိပါတော့ပြီ။ အနုပညာသည် ပြည်သူ့အတွက်ဟူသော ဆိုစကားအတိုင်း ပြည်သူကပြန်လည် အသိအမှတ်ပြုသော အနုပညာရှင်တို့၏ အောင်ပွဲဟုပင် ဆိုရမည်ဖြစ်ပါသည်။
အကယ်ဒမီသက်တမ်း နှစ် ၇၀ ကျော် ကာလတွင် စာရေးသူမီခဲ့သည်က ၃၅ နှစ် ဖြစ်၏။ ဆိုရလျှင် အကယ်ဒမီသက်တမ်း တစ်ဝက်ပင်။ စာရေးသူတို့ငယ်စဉ်က အဖြူအမည်းတီဗွီလေးဖြင့် အားလပ်ချိန်များကို အပန်းဖြေခွင့်ရခဲ့ကြသည်။ ယောက်ျားလေးများ ပီပီ ပြည်တွင်းပြည်ပ ဘောလုံးပြိုင်ပွဲများကို ပိုမိုအားပေးဖြစ်ခဲ့ကြသည်။ တနင်္ဂနွေနေ့လယ်မှာတော့ ရုပ်ရှင်ဇာတ်ကားကောင်းများ ပြန်လည်ပြသတတ်သည်မို့ စောင့်မျှော်ကြည့်ရှုတတ်ကြပြန်သည်။ အကယ်ဒမီပေးပွဲ လာတော့မည့် သတင်းကြားသည်နှင့် ရွာရှိအပျိုတစ်သိုက်ရော အဒေါ်ကြီး၊ အဒေါ်လေးများပါ လှုပ်လှုပ်ရွရွဖြစ်လာကြသည်ကို မှတ်မိနေပါသေးသည်။ ယောက်ျားလေးများထက် မိန်းကလေးများက အကယ်ဒမီကို ပိုမို စိတ်ဝင်စားခဲ့ကြသည်။ ဘယ်သူရမည် ဘယ်ဝါရမည် ဟူသောထင်ကြေးများဖြင့် ခန့်မှန်းလို့မဆုံးနိုင်ခဲ့ကြ။ ငယ်စဉ်ကပင် အနုပညာသွေးတို့ ကိန်းအောင်းခဲ့သော စာရေးသူအနေဖြင့် အကယ်ဒမီပေးပွဲ လာသောနေ့များတွင် အဒေါ်၊ အစ်မတွေကြားရောက်ပြီး အဖြူအမည်းတီဗွီလေးမှ တစ်ဆင့် သူတို့လိုရင်ခုန်ခဲ့ရသည်။ မီးဆလိုက်ကြီးများက မည်သူ့ဆီရောက်သွားမလဲ၊ ဆုကြေညာသူက မည်သူ့ကိုကြေညာလိုက်မလဲ သို့လော သို့လော အတွေးခံစားချက်များက ပရိသတ်များကိုပင် ရင်သိမ့်တုန်စေခဲ့သည်။ အခြားသော အသံပိုင်း၊ ဓာတ်ပုံပိုင်း၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာ ဆုများထက် မင်းသား၊ မင်းသမီး၊ ဇာတ်ဆောင်၊ ဇာတ်ပို့ဆုများကို ပိုမိုရင်ခုန်မိခဲ့ကြသည်။
ထိုမင်းသား၊ မင်းသမီးများကို အားကျစိတ်ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ အမည်နာမများကို ယူလျက် ကိုယ့်ဘဝအတွက် ကိုယ်တိုင်မင်းသား၊ မင်းသမီးများ ဖြစ်စေခဲ့ကြသည်။ ပျိုးနုတ်ချိန် ကောက်စိုက်ချိန်မှသည် လယ်ယာရိတ်သိမ်းချိန်အထိ မင်းသား၊ မင်းသမီးတို့၏အကြောင်း ပြောမဆုံးနိုင်ခဲ့ကြ။ ဘောလုံးပွဲကြည့်ပြီးလျှင်လည်း ထိုအတိုင်းပင်။ မိမိတို့ဘာသာ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ စိုးမြတ်မင်း အမည်များခံယူလိုက်ကြသည်။ လေးစားအားကျအတုယူစိတ်ကြောင့်ဖြစ်ပါ၏။ အဆို၊ အက၊ အရေး၊ အတီး အနုသုခုမ ပညာရပ်အားလုံးသည် ပြည်သူတို့၏ စာရိတ္တမဏ္ဍိုင်ကို တည့်မတ်ပေးစေသော အရာများဖြစ်ကြ၏။ အဆိုတော်ကြီး တွံတေးသိန်းတန်၏ တေးသီချင်းများကြောင့် ကျေးလက်နေပြည်သူများ၏ဘဝကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ကြရသည်။
စာရေးဆရာကြီးများစွာ၏ ကလောင်စွမ်းများဖြင့် ပြည်သူတို့နားမျက်စိပွင့်ခဲ့ရသည်။ ဟာသပညာရှင်များ၏ ပြက်လုံးများကြောင့် ဘဝအမောများပြေကာ လုပ်ငန်းခွင်ထဲ အားအင်တိုးပွားခဲ့ရသည်။ ထိုသို့ အနုပညာရှင်များပေးသော မက်ဆေ့ကိုရယူလျက် ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် လျှောက်လှမ်းနေသူများထဲတွင် ပြည်သူထဲက ပြည်သူတစ်ဦးဖြစ်သော စာရေးသူလည်းအပါအဝင်ဖြစ်၏။ ငယ်စဉ်ကာလ ရွာတောင်ပိုင်း ဗီဒီယိုရုံမှာ နေထက်လင်း၊ သီဟတင်စိုး ဇာတ်ကားများ ကြည့်ပြီးတိုင်း သူတို့လိုနယ်ချဲ့ကို တိုက်ထုတ်ချင်သည့် တိုက်ပွဲဝင်မင်းသားများ ဖြစ်ချင်ခဲ့သည်။ ထို့နောက်ပိုင်း ဝေလည်းမွှေး ကြွေလည်းမွှေးမှ ပြောင်မြောက်သော သရုပ်ဆောင်ချက်များကိုကြည့်ခဲ့ရပြီး တပ်မတော်သားဘဝကို ပိုမိုခုံမင်ခဲ့သည်။
ယနေ့အချိန်ထိ မှတ်မှတ်ထင်ထင်ရှိနေသော ရုပ်ရှင်ဇာတ်ကားများကို ရွေးထုတ်ရမည်ဆိုပါလျှင် ရွှေချည်ငွေချည်တန်းပါလို့၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ သူ့ကျွန်မခံပြီ၊ တိုက်ပွဲခေါ်သံ၊ သင်္ကြန်မိုး၊ အဖေ့နေရာ၊ ဒိုး၊ ဆဋ္ဌဂံ၊ ဆန်ရေ၊ အမေ့နို့ဖိုး၊ ငယ်သူမို့မသိပါ၊ အများနှင့်မသက်ဆိုင်သောလူ၊ ကိုးဆယ်ဆသာလိမ့်မယ်၊ ကြိုးကြာတောင်ပံခတ်သံ စသည့် စသည့် ရုပ်ရှင်ဇာတ်ကားများက ဦးနှောက်ထဲ အစီအရီ ဝင်ရောက်လာခဲ့ပါသည်။ ထိုရုပ်ရှင်ဇာတ်ကားပေါင်း များစွာအပြင် အခြားသော ရသ ကိုးပါးတို့ဖြင့် ပုံဖော်ရိုက်ကူးခဲ့သည့် ရုပ်ရှင်များစွာသည်လည်း မြန်မာ့ရုပ်ရှင်သမိုင်းနှင့် ပရိသတ်တို့၏ ရင်ထဲထင်ကျန်နေဆဲဖြစ်သည်။ ဇာတ်ကားများကောင်း၍ သရုပ်ဆောင်မှုပိုင်း ကောင်းမွန်ကြသည့်တိုင် ဆုတို့၏ သဘောသဘာဝအတိုင်း အားပေးသူပရိသတ်များ၏ ဆန္ဒနှင့် အကဲဖြတ်ရွေးချယ်သည့် ပညာရှင်ကြီးများ၏ အတည်ပြု ချက်များကလည်း ကွဲလွဲမှုရှိတတ်ကြစမြဲသာ။ ရုပ်ရှင်အကယ်ဒမီဆု ရွေးချယ်ရေးတွင်သာမဟုတ်ဘဲ အခြားသော စာပေဂီတ၊ အားကစားနယ်ပယ် အသီးသီးတွင် ထိုနည်းအတိုင်းကွဲပြားမှုများ ရှိနေတတ်သည်ကို သတိပြုလျှင်တွေ့ရပါလိမ့်မည်။ ပရော်ဖက်ရှင်နယ် အားကစားသမားများ အနေဖြင့် ကျင်လည်ရာ အားကစားနည်းအလိုက် တစ်ဦးချင်း အသိအမှတ်ပြုတံဆိပ်များကို မျှော်မှန်းတတ်ကြသည့်အားလျော်စွာ အနုပညာရှင်များ အနေဖြင့်လည်း သူတို့၏ရွှေရောင်အိပ်မက်များ ဖြစ်သည့် ထူးချွန်ဆုများကို မျှော်မှန်းတတ်ကြလေသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီသည်ကား ရုပ်ရှင်လောကသားတိုင်း အမြတ်တနိုးတန်ဖိုးထားသည့် ဆုပင်ဖြစ်၏။ ဆုမရဖူးသေးသူများအနေဖြင့် ရွှေစင်ရုပ်တုပိုင်ဆိုင်ချင်သကဲ့သို့ ရပြီးသူများကလည်း ဆက်ရနိုင်ရေးကြိုးစားကာ သမိုင်းမှတ်တမ်းကောင်းစံချိန်များ စိုက်ထူလိုကြသည်။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အနုပညာသည် ပြည်သူအတွက် ဟူသော လမ်းစဉ်အတိုင်းကျင့်ကြံပြီး ရွှေစင်ရုပ်တုများ ပိုင်ဆိုင်ခွင့်မရသည့်တိုင် ပြည်သူချစ်သော အနုပညာရှင်များစွာ ရှိနေပါသေးသည်။
အရေးကြီးသည်မှာ အနုပညာသည် ပြည်သူအတွက်ဟူသော ခေါင်းစဉ်အားလွဲမှားစွာ မခံယူ အသုံးမချရေးပင်ဖြစ်၏။ စာရေးသူနှစ်သက်၍ နှလုံးသားထဲစွဲနေသော အထက်တွင်ဖော်ပြခဲ့သည့် ရုပ်ရှင်ဇာတ်ကားများက သက်သေဖြစ်ပါသည်။ အခြားသော ရုပ်ရှင်ဇာတ်ကားကြီးများလည်း ကျန်ရှိနေပါသေးသည်။ ပြည်သူ့လက်ခုပ်သံရရှိရေး အတွက် လူပြိန်းကြိုက်ရေးသားဖျော်ဖြေ တင်ဆက်မှုများသည် တိုင်းပြည်အတွက် အဆိပ်အတောက်ပင်ဖြစ်၏။ ထိုအဆိပ်ငွေ့ကို ဦးဆုံးရှူရှိုက်ရမည့်သူက မိမိဖြစ်သည်ကို သတိပြုစေလိုသည်။ ပြည်သူ့လက်ခုပ်သံကို ညာယူမိလျှင် ပြည်သူက ပြန်လည်အပ်နှင်းမည့် အနုပညာအောင်မြင်မှု အသီးအပွင့်ကို ပြန်လည်ခံစားခွင့်ရနိုင်မည် မဟုတ်ပါချေ။ အနုပညာရှင်သည် မိမိတို့တတ်ကျွမ်းသော အနုပညာရပ်အသီးသီးဖြင့် တိုင်းပြည်ကိုအလှခြယ်လျှင် အမိတိုင်းပြည်သည် ဆေးရောင်စုံပန်းချီကား တစ်ချပ်ပမာ လှပနေလိမ့်မည်ဖြစ်သည်။ တိုင်းပြည်၏ လှပဝေဆာနေသော ထိုဆေးရောင်စုံ အလှများကိုကြည့်လျက် မျိုးဆက်သစ်တိုင်းရင်းသား ပြည်သူများ ကြည်နူးပီတိဖြစ်ကြပါလိမ့်မည်။ ထိုကြည်နူးအားကျစိတ်များဖြင့် တိုင်းပြည်၏ပခုံးပြောင်း တာဝန်များကို လက်ဆင့်ကမ်း သယ်ယူကြလိမ့်မည်ဖြစ်ပါသည်။
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အမျိုးဘာသာ၊ သာသနာအရေးနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်၍ လည်းကောင်း၊ စားရေရိက္ခာ ပေါများစေရေးအတွက် လည်းကောင်း တက်ကုန်ရွက်စုံလွှင့်လျက် ကြိုးပမ်းလျက်ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်ပေသည်။ မမြင်နိုင်သူများနှင့် မြင်အောင်မကြည့်သူများမှာ မြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုး မလိုလားသည့် ပြည်ပနိုင်ငံများက ပေးထားသော အဆိပ်သင့်မျက်မှန်များ တပ်ထားသောကြောင့်သာ ဖြစ်ပေမည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူတို့မွန်းကျပ် ခဲ့ရမှုများအတွက် ကပ်ရောဂါအား အတိုင်းအတာတစ်ခု အထိထိန်းချုပ်လာနိုင်သည့်နောက် ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ ပုံမှန်ကျင်းပမြဲဖြစ်သည့် ပွဲလမ်းသဘင်များကို ပြန်လည်ကျင်းပပေးနိုင်ခဲ့ပြီး ပြည်သူတို့စိတ်နှလုံးကို ရွှင်ပြုံးခွင့်ရစေခဲ့သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အမျိုးသားရေး ပြယုဂ်ဖြစ်သည့် စိန်ရတုပြည်ထောင်စုနေ့နှင့် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားများကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးနိုင်ခဲ့သည်။ ပူပူနွေးနွေးပြီးစီးခဲ့သည့် နှစ်သစ်ကူး အတာသင်္ကြန်ကာလသည်လည်း နိုင်ငံတစ်ဝန်း အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှု များဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ကို အားလုံးမြင်တွေ့ခဲ့ရပြီးဖြစ်လေသည်။ မကြာမီ ပြည်သူတွေရော အနုပညာရှင်များပါ ပျော်ကြရဦးမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီး ရောက်ရှိလာပြီး သုံးနှစ်စာ ဝေေ၀ဆာဆာကျင်းပပေဦးမည်။ စာရေးသူအနေဖြင့် အကယ်ဒမီပေးပွဲကြီးအား မြင်ယောင်စိတ်ကူးပုံဖော်ရင်း နားရည်ဝနေပြီဖြစ်သည့် “မြန်မာ့ မြန်မာ့ရုပ်ရှင် နိုင်ငံ့ဂုဏ်အင် သုခုမအသွင် ပေါ်လွင်ခဲ့အစဉ်” တေးသီချင်းကို ကြိုတင်ကြားယောင်လျက် လက်ခုပ်တီးအားပေးဖို့ပြင်ဆင်မိသည်။ ထိုသို့ပြင်ဆင်ရင်း တွေးလိုက်မိသည်ကား အနုပညာရှင် မင်းသား၊ မင်းသမီးတို့၏ ဝတ်ပုံစားပုံနေထိုင်ပုံများကို ခေတ်အဆက်ဆက် အားကျအတုယူခဲ့သည့် ပြည်သူများအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်ခြင်းမရှိသည့် လုပ်ဆောင်ချက်များကို လမ်းပြစေလိုပါကြောင်းနှင့် အနုပညာသည် မိမိတိုင်းပြည်နှင့် လူမျိုးအတွက်သာ ဦးစားပေး ဖြစ်သင့်ပါကြောင်းဟူ၍။ ။
နွေကံ့ကော်(မြို့လှ)