ဆီးဂိမ်းပီတန်းအမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ခင်ချယ်ရီသက် ရွှေတံဆိပ်ဆုဆွတ်ခူး

ဆီးဂိမ်းပီတန်းအမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ခင်ချယ်ရီသက် ရွှေတံဆိပ်ဆုဆွတ်ခူး

ရန်ကုန်  မေ  ၆

    (၃၂)ကြိမ်မြောက် ဆီးဂိမ်းပီတန်းပြိုင်ပွဲ ပထမနေ့ကို ယနေ့တွင် စတင်ကျင်းပရာ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပီတန်းကစားသမား ခင်ချယ်ရီသက်က ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် စုစုပေါင်းရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်တွင်  အမှတ်အများဆုံးရရှိသည့် ထိုင်းနှင့် ဗီယက်နမ်ကစားသမားမှာ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရပြီး ကျန်ကစားသမား ခြောက်ဦးမှာ ဒုတိယအဆင့် ထပ်မံ ယှဉ်ပြိုင်ခဲ့ရသည်။ ခင်ချယ်ရီသက်သည် တတိယနေရာသာရသဖြင့် ဒုတိယ အဆင့် ဆက်လက်ယှဉ်ပြိုင်ရပြီး ကမ္ဘောဒီးယား ကစားသမားနှင့်အတူ ထိပ်ဆုံးနှစ်ဦး စာရင်းဝင်သဖြင့်  ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရခဲ့သည်။ ခင်ချယ်ရီသက်သည် ဆီမီးဖိုင်နယ်တွင် ထိုင်းကစားသမား သောင်သာနွန်နှင့် တွေ့ဆုံခဲ့ပြီး ၄၄-၃၁ မှတ်ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ဗီယက်နမ်ကစားသမား  ငုယင်သီသီနှင့် တွေ့ဆုံခဲ့ပြီး ၄၂-၃၀ မှတ်ဖြင့် အနိုင်ရသဖြင့် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ခင်ချယ်ရီသက်သည် (၃၁)ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုရခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ရွှေဆုရရှိခဲ့ခြင်းဖြစ်သည်။