ဆီးဂိမ်းခြင်းလုံး ပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု စတင်ဆွတ်ခူး
ရန်ကုန် မေ ၇
(၃၂)ကြိမ်မြောက် ဆီးဂိမ်းခြင်းလုံးပြိုင်ပွဲကို ယနေ့တွင်ကျင်းပရာ မြန်မာအသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု စတင်ဆွတ်ခူးရရှိခဲ့သည်။
မေ ၇ ရက်တွင် ခြင်းလုံး အားကစားနည်း၌ ပြိုင်ပွဲအမျိုးအစား သုံးမျိုးကျင်းပခဲ့ပြီး မြန်မာခြင်းလုံးအသင်းက ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံးတွင် ဆုတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာခြင်းလုံး အသင်းအတွက် ရွှေတံဆိပ်ဆုကို အမျိုးသမီး Sames Stoke- Event-2 ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရမှတ် ၂၂၁ မှတ်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်းက ရမှတ် ၁၈၂ မှတ်ဖြင့် ငွေတံဆိပ်၊ လာအိုအသင်းက ရမှတ် ၁၂၅ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ အမျိုးသား+အမျိုးသမီး Sames Stoke- Event-2 ပြိုင်ပွဲတွင် မြန်မာအသင်းက ရမှတ် ၁၉၈ မှတ်ဖြင့် ငွေတံဆိပ်ရရှိပြီး အိမ်ရှင်ကမ္ဘောဒီးယား အသင်းက ၂၀၆ မှတ်ဖြင့် ရွှေတံဆိပ်၊ လာအိုအသင်းက ရမှတ် ၁၇၆ မှတ်ဖြင့် ကြေးတံဆိပ်၊ အမျိုးသားSames Stoke Event-2 ပြိုင်ပွဲတွင် မြန်မာအသင်းက အိမ်ရှင်ကမ္ဘောဒီးယား အသင်းနှင့် ပူးတွဲကြေးတံဆိပ် ရရှိပြီး ထိုင်းအသင်းက ရွှေတံဆိပ်နှင့် မလေးရှားအသင်းက ငွေတံဆိပ် ရရှိခဲ့သည်။
မြန်မာခြင်းလုံးအသင်းသည် ယခုဆီးဂိမ်း ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ထည့်သွင်း ကျင်းပခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံပါဝင်ပြီးနောက် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်တွင် မပါဝင်ဘဲ ယခုနှစ်မှပြန်လည် ပါဝင်လာခြင်းဖြစ်သည်။