နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ
ကမ္ဘာ့ကြက်ခြေနီနေ့ ဂုဏ်ပြုဆောင်းပါး
ကြက်ခြေနီ
ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်း ဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီ၊ ကာကွယ်၊ စောင့်ရှောက်၊ ကယ်တင်ခြင်းပင်ဖြစ်သည်။ လူနာတစ်ဦးကို တွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်း မပို့ဆောင်နိုင်ပါက လူနာ၏ အသက်အန္တရာယ်အား အတတ်နိုင်ဆုံး နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက် ကယ်တင်ခြင်းပင်ဖြစ်သည်။
ကမ္ဘာ့ကြက်ခြေနီနေ့
ကြက်ခြေနီအသင်းကြီး၏ ဖခင် ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ် မေ ၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းများလုပ်ဆောင်ရန် အီတလီနိုင်ငံသို့ ရောက်ရှိခိုက် ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသော စစ်သားများအား ကူညီပေးမည့်သူမရှိဘဲ စစ်သားများ၏ ညည်းညူသံများကိုကြားခဲ့ရပြီး ရွာအနီးဝန်းကျင်မှလူအများကိုစုဝေး၍ ပြုစုကူညီပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်၌ ကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို A Memory of Solferinoစာအုပ်အား ရေးသားပြုစုခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသားဖြန့်ဝေပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross)(ICRC)ကို တည်ထောင်ခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကိုရရှိခဲ့သည်။ ဟင်နရီဒူးနန့် စတင်တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်၍ ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိပေသည်။
နှစ်စဉ်နှစ်တိုင်း မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။ လူသားများကြုံခဲ့ရသည့် ကမ္ဘာစစ်ကြီး နှစ်ခုစလုံးတွင် ကြက်ခြေနီများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို အားလုံးသိပြီးဖြစ်သည်။ မိမိအသက်ကိုပဓာနမထားဘဲ မွန်မြတ်သည့်စိတ်ဓာတ်ဖြင့် ဒဏ်ရာရသူများကို ကူညီကယ်တင်ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင်များ၏ စေတနာမေတ္တာသည် သမိုင်းမှတ်တမ်းတွင် အထင်အရှား တွေ့မြင်နိုင်သည်။ ကြက်ခြေနီနေ့ အခမ်းအနားများကို မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းမှာ ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ဖြစ်သော မေ ၈ ရက်ကို ကမ္ဘာ့ကြက်ခြေနီနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကြက်ခြေနီအမှတ်တံဆိပ်
အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီအမှတ်တံဆိပ်၊ ကြက်ခြေနီအမှတ်အသား ဆိုသည်မှာ ဘေးအန္တရာယ် ကျရောက်ချိန်၊ စစ်မက်ဖြစ်ပွားချိန်၌ ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)နှင့် အမျိုးသားကြက်ခြေနီ အသင်းများ၊လူပုဂ္ဂိုလ်များနှင့် တပ်မတော် ဆေးဝန်ထမ်းများမှ လူမှုကရုဏာ လုပ်ငန်းများတွင် အသုံးပြုသော အမှတ်တံဆိပ်ဖြစ်သည်။ ကြက်ခြေနီ အမှတ်အသားကို အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော်ဥပဒေများတွင် ပြဋ္ဌာန်းထားလေ့ရှိသည်။ ကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်အတွက် ၁၈၆၄ ခုနှစ် ဂျီနီဗာမြို့တွင် ကျင်းပသော ပထမအကြိမ် သံတမန်များဆိုင်ရာ ညီလာခံက သတ်မှတ်ပေးခဲ့သည်။
ဒဏ်ရာရစစ်သည်များနှင့် ဘေးဒုက္ခခံရသူများအား ကယ်ဆယ်ရေးအဖွဲ့များမှ လိုအပ်သော အကူအညီများ ပေးနိုင်ရန်အတွက် ပြဋ္ဌာန်းခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်၍ အဖြူရောင်နောက်ခံတွင် အနီရောင်ကြက်ခြေနီကို ကြက်ခြေနီ အမှတ်အသားအဖြစ် သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေး အသင်းများ (ယခုအမျိုးသားကြက်ခြေနီ အသင်းများ၊ လခြမ်းနီအသင်းများ) ထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံ ကျင်းပရေးတွင်အဓိကအခန်းမှ ပါဝင်ခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့် ကြက်ခြေနီဖခင်ကြီး ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ခဲ့သည်။အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေ၏ အခြေခံဖြစ်သော ၁၉၄၉ ဂျီနီဗာအများ သဘောတူညီချက်အရ ဤအမှတ်အသားကို ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ထပ် အမှတ်အသားများဖြစ်သော အဖြူရောင် နောက်ခံပါလခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လခြမ်းနီအဖွဲ့အစည်း လူမှုရေးလှုပ်ရှားမှု အဖွဲ့အစည်းတို့သည် နိုင်ငံတကာဆိုင်ရာ လူသားချင်းစာနာသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်ပေါင်း ၉၇ သန်းပါဝင်သည်။ လူသားတို့၏ဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန် အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သက်ရှိလူသားတို့အတွက် ပိုမိုသေချာသော လေးစားမှု၊ ဝေဒနာ ခံစားနေရသောဒုက္ခများမှ ကာကွယ်တားဆီးပေးရန်တို့ အတွက် အသားအရောင်၊ အသက်အရွယ်၊ အဖိုအမ၊ လူမျိုးနှင့်ဘာသာရေး၊ အဆင့်အတန်းစသည်ဖြင့် ခွဲခြားထားခြင်း မရှိပေ။
မြန်မာနိုင်ငံကြက်ခြေနီအသင်း
မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် ဘေးအန္တရာယ် ကျရောက်သူများ၏ ကျန်းမာရေးနှင့်ပိုမိုကောင်းမွန်သော ဘဝများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှ စတင်ကာ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်း အဖြစ် သီးခြား ရပ်တည်ခဲ့သည်။ ဗမာနိုင်ငံကြက်ခြေနီ အသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အသင်းဝင် ဖြစ်လာခဲ့သည်။
နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည်။ အမြဲတမ်း လူမှုကရုဏာအသင်း အဖြစ်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး အဆိုပါ အက်ဥပဒေကို ၁၉၆၄ ခုနှစ် ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့သည်။ အဆိုပါအက်ဥပဒေအရ စိန့်ဂျွန်းသူနာပြု တပ်ဖွဲ့အား ကြက်ခြေနီသူနာပြု တပ်ဖွဲ့အဖြစ် ဗမာနိုင်ငံကြက်ခြေနီ အသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေ ပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အများပြည်သူသိရှိစေရန် သတင်းမီဒီယာမှ တစ်ဆင့် အသိပေးခဲ့သည်။
ကြက်ခြေနီအသင်း၏ အခြေခံမူများ
ကြက်ခြေနီအသင်း၏ အခြေခံမူများမှာ
(၁) လူသားချင်း စာနာထောက်ထားခြင်း(Humanity)
(၂) ခွဲခြားမှုမရှိခြင်း(Impartiality)
(၃) ကြားနေခြင်း (Neutrality)
(၄) လွတ်လပ်ခြင်း (Independence)
(၅) စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း(Volu ntary service)
(၆) စည်းလုံးညီညွတ်ခြင်း( Unity)
(၇) ကမ္ဘာတစ်ဝှမ်းပျံ့နှံ့ခြင်း တို့ဖြစ်ပါသည်။
နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ
၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ”နှလုံးသားဖြင့်ကူညီတို့ ကြက်ခြေနီ Everything we do come from the heart” ဖြစ်သည်။ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှုများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ပဋိပက္ခများ ပြည့်နှက်နေသည့် အချိန်ကာလတွင် ကြက်ခြေနီ အခြေခံမူ(၇)ချက်မှ လူသားချင်း စာနာထောက်ထားခြင်းဆိုသည့် အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိအောင် ဆောင်ရွက်ကြရန် ရည်ညွှန်းခြင်းပင် ဖြစ်သည်။ စာရေးသူအပါအဝင် ကြက်ခြေနီ အသင်းသား အားလုံးတို့သည် အရေးပေါ်အခြေအနေကို ကူညီနိုင်ရန်အတွက် အခြေခံသင်တန်းများ၊ အရေးပေါ် အသက်ကယ်နည်းများကို စနစ်တကျ လေ့ကျင့်သင်ထားကြသည်။
ကြက်ခြေနီအသင်းသည် သက်တမ်းအရှည်ကြာဆုံး ကရုဏာအသင်းဖြစ်သည်နှင့်အညီ အကြင်နာမေတ္တာများဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူမျိုးဘာသာ၊ ကျားမ မရွေး လူတိုင်း၏ ဘဝတွင် ကြီးမားသော ပြောင်းလဲမှုဖြစ်စေနိုင်သည့် ကြင်နာမှုများဖြင့် အကူအညီ လိုအပ်နေသူများကို ဆက်လက် ကူညီပေးသွားကြမည်ဖြစ်သည်။ ကြက်ခြေနီအသင်းသူ၊ အသင်းသားတို့သည် စည်းလုံးညီညွတ်စွာ စေတနာတရားကို ရှေ့တန်းတင်လျက် စေတနာ့ဝန်ထမ်း တာဝန်များကို လူသားချင်းစာနာ ထောက်ထားသောနှလုံးသားဖြင့် အမြဲတမ်းကူညီ ဖေးမနေကြမည်ဖြစ်သည်။
အရေးကြုံလာတိုင်း အကူအညီ လိုအပ်သူများထံသို့ အရောက်သွားပြီး ရန်သူမိတ်ဆွေမခွဲခြားဘဲ နှလုံးသားဖြင့် ဖေးမကူညီကြမည်ဖြစ်ကြောင်းကို၂၀၂၃ ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှ ဖော်ညွှန်းထားခြင်းဖြစ်သည်။
ကြက်ခြေနီဟူသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ လူသားအားလုံးအပေါ် မေတ္တာတရား အခြေခံ၍ကူညီဖေးမသည့် အဖွဲ့အစည်းဖြစ်သည်။ ရန်သူမိတ်ဆွေ မခွဲခြားဘဲ ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်သည်။ အရေးကြုံလာသည်နှင့် ပြည်သူတို့၏ အသက်အန္တရာယ်ကို အတတ်နိုင်ဆုံး ကယ်တင် ဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်သည်။ လူသားတိုင်းကို နှလုံးသားဖြင့်သာ ကြည့်သည်။ နှလုံးသားဖြင့်သာ ကူညီသည်။ ရင်မှဖြစ်တည်သော အဖြူရောင် စိတ်ထားနှလုံးသားတို့ဖြင့် ပြည်သူတို့အား ကူညီဖေးမသော စေတနာ့ဝန်ထမ်းများပင်ဖြစ်သည်။
ထို့ကြောင့် နှလုံးသားဖြင့်ကူညီကြသည့် ကြက်ခြေနီတို့အား လေးစားဂုဏ်ပြု၍၂၀၂၃ ခုနှစ် မေ ၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။ ။
မေတ္တာမိုးနှင်း(ပဲခူး)