ဘန်လေအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင် ပေးနိုင်သည့် နည်းပြ ကွန်ပနီကို ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို
ဘန်လေအသင်းက ယခုဘောလုံးရာသီတွင် အသင်းကို ရလဒ်ကောင်းများ ရရှိအောင်စွမ်းဆောင် နိုင်ပြီး အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံဆုရယူကာ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် နည်းပြ ကွန်ပနီကို ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အသက် ၃၇ နှစ်အရွယ် မန်စီးတီးအသင်း ကစားသမားဟောင်း နည်းပြကွန်ပနီသည် ၂၀၂၀ ပြည့်နှစ်က အန်ဒါးလက်ချ်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် နည်းပြဘဝကို စတင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်က ဘန်လေအသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အသင်းနှင့် ပထမဆုံး ဘောလုံးရာသီတွင်ပင် အသင်းကို အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင် ပေးထားနိုင်ခဲ့သူဖြစ်သည်။
နည်းပြကွန်ပနီသည် ဘန်လေအသင်းကို ယခု ဘောလုံးရာသီတွင် တာဝန်ယူ ကိုင်တွယ်ရာ၌ ၄၅ ပွဲ ကစားပြီးချိန်တွင် ၂၈ ပွဲနိုင်၊ ၁၄ ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၉၈ မှတ်အထိ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းကို ချန်ပီယံအဖြစ် ပရီးမီးယားလိဂ် ပြိုင်ပွဲသို့ တန်းတက်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
နည်းပြ ကွန်ပနီသည် အစောပိုင်းက စပါးအသင်း နည်းပြသစ်အဖြစ် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဘန်လေအသင်းက ငါးနှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။