မြန်မာခြင်းလုံးအသင်း ရွှေတစ်ခု၊ ငွေနှစ်ခု ထပ်မံဆွတ်ခူး
ရန်ကုန် မေ ၈
(၃၂)ကြိမ်မြောက် ဆီးဂိမ်းခြင်းလုံးပြိုင် ပွဲကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာခြင်းလုံးအသင်းက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
မြန်မာခြင်းလုံးအသင်းသည် ယနေ့တွင်ကျင်းပသည့် ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံး၌ ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာခြင်းလုံး အသင်းအတွက် ရွှေတံဆိပ်ဆုကို Linking Event-3 အမျိုးသား+အမျိုး သမီးပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရမှတ် စုစုပေါင်း ၄၅၉ မှတ်ရရှိခဲ့သည်။ လာအို အသင်းက ရမှတ် ၃၅၆ မှတ်ဖြင့် ငွေတံဆိပ်၊ ကမ္ဘောဒီးယားအသင်းက ၂၄၃ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ Linking Event-3 အမျိုးသားပြိုင်ပွဲတွင် လာအိုအသင်းက ရမှတ် ၄၁၉ မှတ်ဖြင့် ရွှေတံဆိပ်၊ မြန်မာ အသင်းက ရမှတ် ၄၀၇ မှတ်ဖြင့် ငွေတံဆိပ်၊ မလေးရှားအသင်းက ရမှတ် ၃၁၄ မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။ Linking Event-3 အမျိုးသမီးပြိုင်ပွဲတွင် ထိုင်းအသင်းက ရမှတ် ၃၁၇ မှတ်ဖြင့် ရွှေတံဆိပ်၊ မြန်မာအသင်းက ရမှတ် ၃၀၉ မှတ်ဖြင့် ငွေတံဆိပ်၊ လာအို အသင်းက ရမှတ် ၂၅၄ မှတ်ဖြင့် ကြေးတံဆိပ် ရရှိသည်။
မြန်မာခြင်းလုံးအသင်းသည် ယနေ့ပွဲစဉ်များအပြီးထိ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု ရရှိထားသည်။