တရုတ်ဖိတ်ခေါ် Pool ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ချန်ပီယံဆုဗိုလ်စွဲ

ရန်ကုန်၊ Pool

တရုတ်နိုင်ငံ၌ကျင်းပသည့် ဖိတ်ခေါ် Pool ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား ဘုန်းမြင့်ကျော်သည်   ပြိုင်ဘက်ကစားသမားများကို အနိုင်ယူကာ ချန်ပီယံဆုဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါ Surpass Chinese Pool Open ပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်က တရုတ်နိုင်ငံ ဟန်ကျိုး မြို့၌ ကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်သည် အဆင့်သတ်မှတ်ချက်အရ ၃၂ ဦး ရှုံးထွက်အဆင့်မှ ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။ ဘုန်းမြင့်ကျော်သည် ၃၂ ဦးရှုံးထွက် အဆင့်၊ ၁၆ ဦးရှုံးထွက်အဆင့်၊ ကွာတားဖိုင်နယ်နှင့် အကြိုဗိုလ်လုပွဲတို့တွင် ပြိုင်ဘက်ကစားသမားများကို ကျော်ဖြတ်၍ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၃၁ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲဗိုလ်လုပွဲတွင် ဘုန်းမြင့်ကျော်သည်  ပြိုင်ဘက်  တရုတ်ကစားသမားကို ၁၀-၂ ပွဲဖြင့် အနိုင်ရကာ ချန်ပီယံဆု ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ချန်ပီယံ ဆုရရှိခဲ့သည့်အတွက် ဆုတံဆိပ်၊ ငွေကျပ် သိန်း ၆၀ နှင့် ညီမျှသည့် ဆုကြေးငွေချီးမြှင့်ခံခဲ့ရသည်။

“၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံးရတဲ့ ချန်ပီယံဆုပါ။ ချန်ပီယံဖြစ်ပေမယ့်လည်း အမြဲတမ်းကြိုးစားနေမှာပါ။  နောက်လာမယ့်ပွဲတွေမှာလည်း ပိုပြီးကြိုးစားပါမယ်” ဟု  ဘုန်းမြင့်ကျော်က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

ဘုန်းမြင့်ကျော်သည် ဧပြီလမှစတင်ကာ တရုတ်နိုင်ငံ၌ကျင်းပသည့် ဖိတ်ခေါ်ပြိုင်ပွဲ ၂၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ပြိုင်ပွဲလေးခုတွင် ဒုတိယဆုရရှိထားသည်။

မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော်သည် နိုဝင်ဘာလအတွင်း ကျင်းပမည့် Elite Tour 2020 ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ် ကြောင်း သိရသည်။                

ကိုရဲ