မျက်စိကိုဖွင့် နားကိုစွင့်လျက် မုန်တိုင်းကို အန်တုကြပါစို့

မျက်စိကိုဖွင့် နားကိုစွင့်လျက် မုန်တိုင်းကို အန်တုကြပါစို့

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏မေ ၈ ရက် ည ၇ နာရီအချိန် ထုတ်ပြန်ချက်များ အရ  ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မေ ၉ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊  မေ ၁၀ ရက်တွင် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့်    ကပ္ပလီပင်လယ်ပြင်တို့တွင်  ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်းရောက်ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ   မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်   မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန် နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်တွင်  အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာမှုနှင့် ပတ်သက်ပြီး အချို့သော သတင်းမီဒီယာများက နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်မည်ဟူ၍ ပြောကြားလျက်ရှိနေသည်။ ပြည်သူလူထုအနေဖြင့် အဆိုပါသတင်းများကို ကြည့်ရှုပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိနေရာ မုန်တိုင်း၏ လက်ရှိအခြေအနေနှင့် နိုင်ငံတော်အစိုးရ၏ စီမံဆောင်ရွက်ထားမှုများနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့  ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်များကို မေ ၇ ရက် ညပိုင်းရုပ်မြင်သံကြားတွင် လည်းကောင်း၊ မေ ၈ ရက်နေ့စဉ်ထုတ် သတင်းစာများတွင် လည်းကောင်း ဖော်ပြထားသည်။  ဤသည်ကို  ပြည်သူလူထုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေချင်ပါသည်။

လက်ရှိ   မုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် အလေးထားပြီး စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းတိုက်ခတ် ခံရမှုအတွေ့အကြုံများ ရှိထားပြီးဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မည်သာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်  လက်ရှိမုန်တိုင်း    အခြေအနေနှင့် ပတ်သက်၍  အလေးထားစောင့်ကြည့်ပြီး ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့်  မေ ၆ ရက်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးစီးပြီးဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် မေလအတွင်း မုန်တိုင်းဖြစ်ပွားခဲ့မှုများကို လေ့လာကြည့်လျှင် ၁၉၆၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၄ ကြိမ်ဖြစ်ပေါ်ခဲ့သည်။ အပြင်းထန်ဆုံးမှာ ၁၉၉၄ ခုနှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းတွင် ဖြစ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းတို့ဖြစ်သည်။

အဆိုပါမုန်တိုင်းနှစ်ခုလုံး၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၅ မိုင်ရှိသည်။ ယခုဖြစ်ပေါ်မည့် မုန်တိုင်းနှင့် ပတ်သက်၍ ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် မေ ၈ ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာပြီး ၉ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိကာ မြောက်ဘက်ကို ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်။ ထိုသို့ခန့်မှန်းရာတွင်  GFS  ဒေတာများအရ မေ ၁၂ ရက် ညပိုင်း  ၆ နာရီကျော်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီး အနီးမှဖြတ်နိုင်ကြောင်း ခန့်မှန်းထားပြီး ECMWF ၏   ခန့်မှန်းချက်မှာ  မေ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရခိုင်ပြည်နယ်  စစ်တွေနှင့် ကျောက်ဖြူကြားဖြတ်နိုင်ကြောင်း   ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မေ ၁၅ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်  စစ်တွေအနီး ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါခန့်မှန်းချက်များကိုကြည့်ပါက လမ်းကြောင်း ၁ အဖြစ် ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှ  ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ခြင်း၊ လမ်းကြောင်း ၂ အဖြစ် ရခိုင်ပြည်နယ်ကိုဖြတ်၍ စစ်တွေနှင့် ကျောက်ဖြူကြားမှ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ခြင်းဟူ၍ ခန့်မှန်းပါသည်။ မုန်တိုင်းငယ်အဖြစ် ကူးပြောင်းပြီးလျှင် မုန်တိုင်းသွားသည့် လမ်းကြောင်းအခြေအနေကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မည်ဖြစ်သည်။ အကြမ်းဖျင်း ခန့်မှန်းချက်မှာ မြန်မာနိုင်ငံအတွင်းသို့ မေ ၁၃ ရက် နှင့် ၁၄ ရက်တွင် မုန်တိုင်းဝင်ရောက်လာနိုင်ကြောင်း ဖြစ်ပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဘင်္ဂလားပင်လယ်အော် အခြေအနေကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့်အတွက် ပြည်သူများအနေဖြင့် မျက်စိကိုဖွင့် နားကိုစွင့်ကာ နေထိုင်ကြရန်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေ ၆ ရက်တွင် ကျင်းပသည့်  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဓိကအချက် လေးချက်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းဝင်လာမည်ဆိုလျှင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လက်ရှိအချိန်မှစ၍ ကြိုတင်ပြင်ဆင်ရန် ဆောင်ရွက်ခဲ့သည်။ မုန်တိုင်းဝင်လာလျှင်  အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်သည့် ဆက်သွယ်ရေးစက်၊ ကယ်ဆယ်ရေးပစ္စည်းများကို   ဖြန့်ခွဲပို့ဆောင်ရန် ညွှန်ကြားပြီးဖြစ်သလို ဆောင်ရွက်နေပြီလည်း ဖြစ်သည်။ ပြည်သူများသဘာဝ ဘေးအန္တရာယ်မှ အဆုံးအရှုံးအနည်းဆုံးနှင့် ကျော်လွှားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။မုန်တိုင်းက အခြားနေရာကို လမ်းကြောင်းပြောင်းသွားလျှင်လည်းယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများသည် လေ့ကျင့်ခြင်းအဖြစ် အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။  တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသားအဆင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တုံ့ပြန်ဆောင်ရွက်ခြင်းများ   ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အတူ အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုရှိသည်။ ၎င်းတို့မှာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ ကနဦး လိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပြန်လည် ထူထောင်ရေးလုပ်ငန်း ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီတို့ဖြစ်သည်။   အဆိုပါလုပ်ငန်း ကော်မတီအသီးသီးကလည်း မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်း တာဝန်များကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဘေးဒဏ်ခံနားခိုရာ အဆောက်အဦစုစုပေါင်း ၁၃၅ လုံးတည်ဆောက်မည်  ဖြစ်ရာ တည်ဆောက်ပြီး ၁၁၈ လုံး၊ တည်ဆောက်ဆဲ ၁၇ လုံးဖြစ်သည်။  ဘေးဒဏ်ခံနားခိုရာ အဆောက်အဦများသည် ကျွဲ၊ နွားတိရစ္ဆာန်များပါ ခိုလှုံနိုင်ရန် ခြေတံရှည်ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအနေဖြင့် တိုင်းဒေသကြီးအဆင့်တွင် သိုလှောင်ရုံတစ်ခု၊  ခရိုင်အဆင့်တွင် သိုလှောင်ရုံခြောက်ခု၊ မြို့နယ်အဆင့်တွင် သိုလှောင်ရုံ ခြောက်ခုထားရှိပြီး အိမ်ထောင်စု ၆၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးပြုရမည့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ခွဲထားပြီးဖြစ်သည်။

ကယ်ဆယ်ရေးပစ္စည်းများတွင် လုံချည်ထဘီမှအစ စောင်ထူနှင့်ခြင်ထောင်များ၊ ချက်ပြုတ်စားသောက်ရန် ဒန်အိုးဇလုံများ၊ မိုးရေခံတာပေါ်လင်စများကို ခန့်မှန်းတွက်ချက် စုပုံထားပြီးဖြစ်သည်။ ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံးပစ္စည်းများအနေဖြင့် ဖိုက်ဘာစက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီ ၂၅၀၀ ထည်ခန့်နှင့် အသက်ကယ်ဘောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်း ဖြန့်ခွဲထားပြီးဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွမြို့နယ်များ၊  မြစ်ဝကျွန်းပေါ်နှင့်နီးသော ဒေသများ၊ ကမ်းရိုးတန်းနှင့်နီးသော ဒေသများတွင်  ဆိုင်ကလုန်း   Shelter အပါအဝင်  နားခိုစရာအဆောက်အအုံ ကိုးလုံး တည်ဆောက်ပြီးဖြစ်သည်။ ထို့ပြင် အိမ်ထောင်စု ၅၀၀၀ အတွက် ထောက်ပံ့ရေး ပစ္စည်းများ စုပုံထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဘေးဒဏ်ခံနားခိုရာ အဆောက်အဦစုစုပေါင်း အလုံး ၆၀ တည်ဆောက်မည်ဖြစ်ရာ တည်ဆောက်ပြီး ၅၄ လုံး၊ တည်ဆောက်ဆဲ ခြောက်လုံးဖြစ်သည်။   ဘေးဒဏ်ခံနားခိုရာ အဆောက်အဦများသည်  ကျွဲ၊ နွားတိရစ္ဆာန်များပါ  ခိုလှုံနိုင်ရန် ခြေတံရှည် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကယ်ဆယ်ရေးပစ္စည်းများ      သိုလှောင်ထားရှိမှု အနေဖြင့် ပြည်နယ်အဆင့်တွင် သိုလှောင်ရုံတစ်ခု၊ ခရိုင်အဆင့်တွင် သိုလှောင်ရုံငါးခု၊ မြို့နယ်အဆင့်တွင် သိုလှောင်ရုံသုံးခုထားရှိပြီး အိမ်ထောင်စု ၉၀၀၀ ခန့်အတွက်  ထောက်ပံ့မည့်ပစ္စည်းများ အသင့်ရှိပြီးဖြစ်သည်။ ထို့ပြင် အရေးပေါ်သုံးမည့်   ဖိုက်ဘာစက်လှေ ၃၃ စင်း၊  အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊ ရေစုပ်ပိုက်များကိုလည်း  လုပ်ဆောင်ထားပြီးဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အဦ၊ သဘာဝဘေးအန္တရာယ်ဖြစ်လျှင် နားရန်အဆောက်အဦ ၁၄၃ လုံးရှိပြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဘေးဒဏ်ခံနားခိုရာ အဆောက်အဦများနှင့် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ထားရှိမှုများကို ဆောင်ရွက်ထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့်လည်း မေ ၈  ရက်မှ စတင်ကာ  ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နိုင်ရန်၊ လျင်မြန်စွာ တုံ့ပြန်နိုင်ရန် အတွက်  Disaster Management Center ဖွင့်လှစ်ပြီး စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် တပ်မတော် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့များကို သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့်စောင့်စရာ မလိုဘဲ  ပြည်သူလူထုကို အမြန်ဆုံးကူညီရမယ်ဟူ၍ ညွှန်ကြားထားပြီးဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ဦးစီးပြီး လုပ်ငန်းကော်မတီကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ဦးစီးဆောင်ရွက်လျက်ရှိသည်။  

တပ်မတော်အဆင့်အနေဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုများ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ တိုင်းစစ်ဌာနချုပ်အဆင့်၊ ဒေသအဆင့်အနေဖြင့် ဆောင်ရွက်ပြီးဖြစ်သည်။ ဤသည်မှာနိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားလာနိုင်သော ဆိုင်ကလုန်းမုန်တိုင်း အပါအဝင်    သဘာဝဘေးအန္တရာယ်များ အတွက် ကျန်းမာရေး ကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်ထားမှုများမှ အချို့ကို ဖော်ပြရလျှင် ဆေးနှင့်ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ အချိန်မီရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရှိခြင်း၊ သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ(ရေနစ်ခြင်း၊ မြွေကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စသည်)တို့အတွက် ကုသရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ခြင်း၊ ဆေးရုံအလိုက် Mass Casualty Management Planရေးဆွဲထားရှိခြင်း၊ သဘာဝဘေး ကျရောက်ထိခိုက်နိုင်သော အဓိကတိုင်းဒေသကြီး၊ ပြည်နယ်များဖြစ်သော ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊    ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊   တနင်္သာရီတိုင်းဒေသကြီး တို့တွင် ကျန်းမာရေး ကဏ္ဍဆိုင်ရာကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ချက်ချင်းဆောင်ရွက်ခြင်း၊ သဘာဝဘေးကြောင့် ဒေသအလိုက်  မတူညီသော သက်ရောက်မှုများ(ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း စသည်)နှင့် ပတ်သက်၍   အသိပေးပြင်ဆင် ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

ထို့ပြင်  တုံ့ပြန်ဆောင်ရွက်မှုအနေဖြင့်  ဘေးအန္တရာယ်ဖြစ်စဉ်များ ကျရောက်သည့်အခါ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အသင့်စီမံထားရှိခြင်း၊ ဆေးရုံ/ကျန်းမာရေး ဌာနသို့ လူနာလွှဲပြောင်း ကုသမှုပေးခြင်း လုပ်ငန်းအဆင်ပြေချောမွေ့စေရန် စီမံဆောင်ရွက်ခြင်း၊    ယာယီစခန်းများတွင်  ယာယီဆေးခန်း ဖွင့်လှစ်၍   ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်း  ချက်ချင်းစတင် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိခြင်း၊ စခန်းများ ကြိုတင်ဖွင့်လှစ် ဆောင်ရွက်မှုများတွင် ကျန်းမာရေး ကဏ္ဍဆိုင်ရာ ဆောင်ရွက်ခြင်း၊  ယာယီစခန်းများ စီစဉ်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ စီမံဆောင်ရွက်ခြင်း၊  စခန်းများတွင် သီးခြားခွဲခြားထားရှိ ကုသမှုဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းနှင့် ပြင်းထန်လူနာများအား    လွှဲပြောင်းကုသမှု ခံယူနိုင်ရန် စီမံခြင်းတို့ကိုလည်း  စီမံဆောင်ရွက်ထားသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကူးစက်ရောဂါများဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ နာတာရှည်ရောဂါများ၊ အခြားကူးစက်ရောဂါများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအတွက် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန် စီမံဆောင်ရွက်ခြင်း၊ သဘာဝဘေးဒဏ် ခံစားရသူများအား စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ သတင်းအချက်များ စုဆောင်းခြင်း၊ ဆန်းစစ်ခြင်း၊ ဖြန့်ဝေခြင်းနှင့် တင်ပြခြင်း၊ ထိခိုက်ပျက်စီးခဲ့သော ကျန်းမာရေးကဏ္ဍ အဆောက်အအုံများအား ပြင်ဆင်ခြင်းနှင့် လိုအပ်ပါက သဘာဝဘေးဒဏ်ခံနိုင်သော အဆောက်အအုံအသစ်အဖြစ် ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

တိုက်တွန်းလိုသည်မှာ ပြည်သူများအနေဖြင့် နိုင်ငံပိုင်မီဒီယာများ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များကို    အလေးထား နားထောင်ကြရန်ဖြစ်သည်။ ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ၊ ခရိုင်^မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အသီးသီးက မုန်တိုင်းကျရောက်စဉ် လုပ်ဆောင်ရမည့် အချက်များ၊ ရှောင်ရှားရမည့် အကြံပြုချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။

မုန်တိုင်းစတင်ဖြစ်ပေါ်လာသည်နှင့်   အရောင်ဖြင့် သတိပေးသည့်စနစ်ကို စတင်မှာဖြစ်သည့်အတွက် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်နှင့် အစိမ်းရောင်တို့၏ အဓိပ္ပာယ်များကို သိရှိနားလည် ထားရမည်ဖြစ်သည်။  အထက်တွင် တင်ပြခဲ့သည့် အတိုင်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်ပိုင်းဆိုင်ရာတို့က ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်သည်ကိုလည်း ပြည်သူများ သိစေချင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် အားလုံးညွှန်ကြားထားပြီး လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဟု လမ်းညွှန်ထားပြီးဖြစ်ပါသည်။ အစိုးရအနေဖြင့် ပြည်သူများ  သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံး အနည်းဆုံးနှင့် ကျော်လွှားနိုင်စေရေးကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး အစိုးရ၊ တပ်မတော်၊ ပြည်သူတို့အနေဖြင့် မျက်စိကိုဖွင့် နားကိုစွင့်လျက် မုန်တိုင်းအန္တရာယ်ကို အသိ၊ သတိရှိရှိဖြင့် လက်တွဲညီညီ အန်တုရင်ဆိုင်နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။    ။