မြန်မာနေရှင်နယ်လိဂ်၏ အအောင်မြင်ဆုံးအသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်း၏ သုံးနှစ်ဆက် ချန်ပီယံဖလားရယူရာတွင် အဓိကဂိုးသမားအဖြစ် ပါဝင်ခဲ့သူ၊ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရန်ကုန် ယူနိုက်တက်အသင်းနှင့် အစပြုခဲ့သူ၊ အသင်းနှင့်ခွဲခွာခဲ့ရပြီးနောက်တွင်လည်း ရောက်ရှိသည့် ကလပ်အသင်း တိုင်း၌ အကောင်းဆုံးစွမ်းဆောင်ရည်နှင့်အတူ ကစားပေးနိုင်သူက မြန်မာ့လက်ရွေးစင်၊ ရန်ကုန်ယူနိုက်တက်၊ နေပြည်တော်၊ မနောမြေ၊ ဇွဲကပင်ယူနိုက်တက်နှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့၏ ဂိုးသမားဟောင်း နိုင်ဇေယျာထွန်းပင်ဖြစ်သည်။ လက်ရှိတွင် နိုင်ဇေယျာထွန်းအနေဖြင့် ကစားသမားဘဝမှ အနားယူလိုက်ပြီး အသင်းဟောင်း ရန်ကုန်ယူနိုက်တက်အသင်း၏ ယူ-၁၉ အသင်း ဂိုးနည်းပြအဖြစ် တာဝန်ယူမည်ဖြစ်၍ နိုင်ဇေယျာထွန်းနှင့်ဆက်သွယ်ကာ မေးမြန်းခဲ့သည်များကို ပြန်လည်တင်ပြလိုက်ပါသည်။
ဆိုရှယ်မီဒီယာအကောင့်မှာ အသင်းဟောင်း ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပေါင်းစည်း မိပြီဆိုတဲ့ အကြောင်းတင်ထားတာ တွေ့လိုက်ရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ကျွန်တော် ရန်ကုန်ယူနိုက်တက်အသင်းကို ယူ-၁၉အသင်းရဲ့ ဂိုးနည်းပြအနေနဲ့ ပြန်သွားမှာပါ။
ဂိုးနည်းပြ လုပ်တော့မယ်ဆိုတော့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီလား။
ဟုတ်ပါတယ်။ လက်ရှိ စစ်ကိုင်းယူနိုက်တက်အသင်းက နောက်နှစ်အတွက် ဆက်ကစားပေးဖို့ပြောပေမယ့် ရန်ကုန်ယူနိုက်တက်အသင်းက ကမ်းလှမ်းလာတဲ့အခါ ကျွန်တော်မငြင်းနိုင်ခဲ့ပါဘူး။ ကျွန်တော့်အသက်အရွယ် အရလည်း အပြောင်းအလဲလုပ်သင့်တဲ့ အချိန်ဖြစ်နေတာရယ်၊ ကစားသမားဘဝက အနားယူရင် ဒီလမ်း ကြောင်းကိုသွားမယ်လို့ ရည်ရွယ်ခဲ့တာရယ်ကြောင့် အခုလို ပြန်လာဖြစ်တာပါ။
ပြီးခဲ့တဲ့ရာသီကအကြောင်း ပြန်ပြောပြပါဦး။ ပထမအကျော့မှာ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် လက်စွမ်းပြနိုင်ပေမယ့် COVID-19 ရောဂါ အခြေအနေကြောင့် ပွဲတွေနားလိုက်ပြီး ပြန်စချိန်မှာ အသင်း ကစားသမားစာရင်းထဲ မပါလာတဲ့အကြောင်း ပြောပြပေးပါဦး။
ကျန်းမာရေးပြဿနာနဲ့ ကြုံခဲ့ရတာပါ။ ပထမအကျော့ပွဲတွေ ကစားနေတုန်း မတ်လထဲမှာပဲ ကျွန်တော် အဆုတ်ပြွန်ရောင်တဲ့ ရောဂါဖြစ်ခဲ့တယ်။ ဖြစ်ဖြစ်ချင်းမှာ အဆုတ်ပြွန်ရောင်မှန်းလည်း မသိခဲ့ဘူး။ ဒီအတိုင်း ချောင်းဆိုးတယ်ပဲထင်ပြီး သာမန်ပဲဆေးသောက်ခဲ့တယ်။ ဒါပေမဲ့ COVID-19 ရောဂါကူးစက်မှုစတင်တဲ့အချိန် ရန်ကုန်မြို့ကို Stay at Home ညွှန်ကြားလိုက်တဲ့အခါမှာ ပုံမှန်သောက်နေတဲ့ဆေးတောင် ဝယ်မရဖြစ် သွားပြီး ရောဂါက ပိုဆိုးသွားတယ်။ နောက်ပိုင်း နှလုံးသွေးကြောကျဉ်းတာပါဖြစ်လာတယ်။ ပြိုင်ပွဲတွေ နားထားတဲ့ ကာလတစ်လျှောက်လုံးနီးပါး ဒီရောဂါတွေနဲ့ပဲ လုံးလည်ချာလည် လိုက်နေခဲ့တယ်။ အထူးကု ဆေးခန်းတွေပြန်ဖွင့်တဲ့အချိန်ရောက်မှ အထူးကုနဲ့ သေချာကုလို့ သက်သာသွားခဲ့တာပါ။ အထူးကုနဲ့ တစ်လ လောက်ကုလိုက်ရတယ်။ ဒါနဲ့ပဲ ပွဲတွေ ပြန်စတဲ့အချိန်မှာ ကျွန်တော်မပါနိုင်ခဲ့ဘူး။
ရောဂါပြန်ပြီးသက်သာလာတဲ့အတွက် ဝမ်းသာပါတယ်။ အသင်းဟောင်းကို ပြန်ရောက်ရတဲ့ ခံစားချက်ကို ပြောပြပေးပါဦး။
ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်လာရသလိုပါပဲ။ မတတ်သာလို့ အသင်းနဲ့ ခွဲခွာခဲ့ရပေမယ့် တစ်ချိန်မှာ အသင်းကို အရောက်ပြန်မယ်ဆိုတဲ့ စိတ်က အမြဲရှိပါတယ်။ ကစားသမားအနေနဲ့ မဟုတ်ရင်တောင် နည်းပြ၊ အုပ်ချုပ်တစ်နေရာရာနဲ့ ပြန်လာချင်ခဲ့တာပါ။ အထူးသဖြင့် အသင်းဘက်က လိုလိုလားလားကမ်းလှမ်းခဲ့တဲ့ အတွက် တကယ်ကို ကျေနပ်ပီတိဖြစ်ရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းအပေါ် ထားရှိတဲ့ ခံစားချက်ကို ပြောပြပေးပါဦး။ ကျွန်တော့်ကစားသမားဘဝကို ဒီအသင်းနဲ့ စခဲ့တာပါ။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေရခဲ့တယ်။ အသင်းကိုချစ်ပေမယ့် ကျွန်တော်ရောက် သမျှအသင်းတိုင်းကို အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်ကို ပြောပြပေးပါဦး။
ရန်ကုန်ယူနိုက်တက်အသင်းကို ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရတဲ့အချိန်တွေ၊ အထူးသဖြင့် YUSC ကွင်းကို ပြိုင်ဘက်အနေနဲ့ ပြန်လာရတဲ့အချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်းက လက်ရှိအချိန်မှာ ငါနဲ့မဆိုင်ဘူး။ ငါနဲ့ဆိုင်နေတာက လက်ရှိကစားနေတဲ့အသင်း။ ကိုယ့်အသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးရမယ်လို့ပဲ တွေးခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ရှိခဲ့တဲ့ အမှတ်တရတွေကို နည်းနည်းလောက်ပြန်ပြောပြပေးပါဦး။
အမှတ်တရတွေတော့ အတော်များတယ်။ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တယ်။ အောင်မြင်မှု မဟုတ်တဲ့ အမှတ်တရတွေထဲကတစ်ခုက AFC Cup ပြိုင်ပွဲမှာကစားတုန်းက ခေါင်းထိပြီး လဲသွားတယ်။ ဆေးကုပြီး ပြန်ကန်ပေမယ့် လုံးဝကို သတိမေ့ပြီး ပြန်လဲကျသွားတယ်။ အဲဒါက တကယ့်အမှတ်တရပဲ။ နောက်တစ်ခုက ၂၀၁၀ ပြည့်နှစ်တုန်းက လူငယ်အသင်းပြိုင်ပွဲ မရှိဘူး။ အဲဒီအစား အရန်အသင်းပြိုင်ပွဲရှိတယ်။ ကျွန်တော်အပါအဝင် ရန်ကုန်ယူနိုက်တက်အသင်းက လူငယ်တွေ အရန်ပြိုင်ပွဲမှာ ဝင်ကစားရတယ်။ ကျွန်တော်၊ ရှမ်းလေး၊ ရန်နိုင်အောင်၊ ကောင်းစည်သူ၊ ရန်နိုင်ထွန်း အများကြီးပါတယ်။ အဲဒီတုန်းက ကောင်း စည်သူဆိုရင် အသင်းကြီးမှာ မကစားရသေးဘူး။ အသင်းကြီးမှာ နိုင်ဦးလွင် ကစားနေတယ်။ ၂၀၁၀ ပြည့် နှစ်မှာ ကျွန်တော်တို့ အရန်အသင်း ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တယ်။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ သမိုင်းမှာ ပထမဆုံးရခဲ့တဲ့ ဆုဖလားပါ။
အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပရိသတ် တွေကိုလည်း တစ်ခုခုပြောခဲ့ပေးပါဦး။
ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေက ကျွန်တော့်ကစားသမားဘဝ တစ်လျှောက်လုံး အမြဲတမ်း အားပေးခဲ့ကြသူတွေပါ။ ကျွန်တော် တခြားအသင်းအတွက် ကစားပေးနေခဲ့တဲ့ အချိန်မှာတောင် ကျွန်တော့်ကို အမြဲအားပေးခဲ့ကြပါတယ်။ ဒီအတွက် ကျေးဇူးလည်း အရမ်းတင်ပါတယ်။ ကျွန်တော် ရန်ကုန်ယူနိုက်တက် အသင်းအတွက် တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး အလုပ်အကျွေးပြုသွားမှာပါ။
ကိုရဲ