မုန်တိုင်းဘေးအန္တရာယ် သတိရှိကြစေချင်
မြန်မာနိုင်ငံအတွင်းသို့ မေ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မုန်တိုင်းဝင်ရောက်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းထားပါသည်။ မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းအား ဖြစ်နိုင်ခြေအရ လမ်းကြောင်း နှစ်သွယ် ခန့်မှန်းထားသည်။
ပထမလမ်းကြောင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ကြောင်း၊ ဒုတိယလမ်းကြောင်းအနေဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ကြောင်းနှင့် မေ ၉ ရက်နေ့ ညပိုင်းမှ မေ ၁၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်နှင့် မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး မေ ၁၂ ရက်မှ ၁၄ ရက်အတွင်းမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၇၀ မှ မိုင် ၈၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၁၉း၀၀ နာရီချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ဆက်လက်တည်ရှိနေပါသည်။ ခန့်မှန်းချက်အားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data နှင့် သင်္ချာအညွှန်းကိန်း Model တို့အပေါ် မူတည်၍ မုန်တိုင်းရွေ့လျားမည့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မည်သို့ပင်ဆိုစေကာမူ သတိရှိမှုနှင့် ကြိုတင်ပြင်ဆင်မှုများက ချိန်ခါမရွေးအတွက် လိုအပ်သည်။
ထို့ကြောင့် မိုးလေဝသနှင့်ဇလဗေဒမှ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးလျက်ရှိရာ ရုပ်သံ၊ ရေဒီယို၊ သတင်းစာများတွင် မိုးလေဝသသတင်းများကို ကြည့်ရှုနားထောင်ကြစေလိုပါသည်။
မုန်တိုင်းကြိုတင်အသိပေးချက်သုံး အရောင်သင်္ကေတများ
သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော မုန်တိုင်းနှင့် ပတ်သက်၍ လူသားတို့အား ကြိုတင်အသိပေးချက်များကို နိုင်ငံတကာစံနှုန်းအရ အောက်ဖော်ပြပါ အရောင်သင်္ကေတငါးမျိုးဖြင့် သတ်မှတ်လေ့ရှိသည်။
(၁) အဝါရောင်မှာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တို့တွင် မုန်တိုင်းဖြစ်ပေါ်နေပြီး မုန်တိုင်း၏အခြေအနေကို သတိထားနားစွင့်ရန်။
(၂) လိမ္မော်ရောင်မှာ မုန်တိုင်းသည် မြန်မာကမ်းရိုးတန်းသို့ ဦးတည်နေပြီး မုန်တိုင်းသည် မိမိနေထိုင်ရာ ဒေသသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ပြောင်းလဲမှုကို အထူးသတိထား စောင့်ကြည့်နိုင်ရန်။
(၃) အနီရောင်မှာ ကမ်းရိုးတန်းသို့ ၁၂ နာရီအကြာတွင် မုန်တိုင်းရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သဖြင့် လုံခြုံစိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့နေရာယူရန်။
(၄) အညိုရောင်မှာ မုန်တိုင်းအန္တရာယ်ကျရောက်နေချိန်ဖြစ်ပြီး လုံခြုံစိတ်ချရသည့်နေရာတွင် ခိုလှုံပြီးစီးရန်။
(၅) အစိမ်းရောင်မှာ မုန်တိုင်းအားပျော့ ပျက်ပြယ်သွားပြီဖြစ်ပြီး မိမိတို့၏နေအိမ်များသို့ ပြန်နိုင်သော အခြေအနေဖြစ်ကြောင်း သတ်မှတ်ထားပါသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လေပြင်းမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ အများပြည်သူများအတွက် နှစ်စဉ်နှစ်တိုင်း ယခုလိုသတိပေးထားသည်။
မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန် လိုအပ်သည်။ သို့သော် ယခုကာလသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ် အဆောက်အအုံများအား လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြင်ဆင်ထားပါ။
လိုအပ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားပြီး အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့် အတူထားရှိပါ။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ မျက်နှာနှင့် နှာခေါင်း စည်းများ ကြိုတင်စုဆောင်း ယူဆောင်သွားပါ။
လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရန်သင့် ဆောင်ထားပါ။
လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့် ဆုံရပ်သတ်မှတ်ထားပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့ကို ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။
ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင် နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် နားထောင်၊ လေ့လာ၍ အထူးသတိပြုနေထိုင်ပါ။ မုန်တိုင်းဒီရေ တက်ရောက်နိုင်သည်ကိုလည်း သတိပြုပါ။
ကုန်းတွင်းပိုင်းဒေသများအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ပါ။
တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီး နေထိုင်သူများ အထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ ကြိုတင်ရွှေ့ပြောင်းပါ။
မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့် နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။
မိမိတို့ရပ်ရွာအတွင်း မုန်တိုင်းဒဏ်ခံနိုင်သည့် နီးစပ်ရာအိမ်များ၊ အဆောက်အအုံများသို့ ရွှေ့ပြောင်းနေထိုင်သည် ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ ကိုဗစ်-၁၉ ကူးစက် ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။
ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးအတွက် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ အိမ်များအားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
ပူးပေါင်းပါဝင်ရေး
ပြည်သူများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ် အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ပြည်သူသို့ အသိပေးနှိုးဆော်ထားပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။
နေအိမ်အဆောက်အအုံများ၏ ခိုင်ခံ့မှုကိုစစ်ဆေးပါ။
လေဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အခင်း၊ အကာများတွင် ထောက်တန်းများ၊ ဒေါက်တိုင်များကို လိုအပ်သလို ဖြည့်စွက်ဆောင်ရွက်ပါ။ အဆက်နေရာများတွင် ချောင်ထွက်မနေအောင် ဆောင်ရွက်ပါ။ ယိုင်နဲ့၊ ယိုယွင်းမှုများကို ပြုပြင်အစားထိုးပါ။
မြေဝင်အိမ်တိုင်များ၊ သိပ်သည်းကျစ်လျစ်စေရန် တိုင်ဖိနပ်ပတ်လည်တွင်မြေဖို့ပါ။
သွပ်မိုးအစွန်နေရာများတွင် သွပ်၊ သံ စိပ်စိပ်ရိုက်ပါ။ ဓနိ/သက်ငယ်မိုးများတွင် ဝါးရာဇမတ်ကွက်(ကြက်နင်း)ဖြင့် အုပ်မိုးပါ။ သွပ်နန်းကြိုး/နှီး စသည်တို့ဖြင့် ခိုင်မြဲစွာချည်နှောင်ပါ။
သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများ၊ အကြံပြုချက်များ၊ သတိပေးချက်များကို လိုက်နာဆောင်ရွက်ပါ။ အခြားသူများကိုလည်း မျှဝေပေးပါ။
ကြိုတင်ပြင်ဆင်မှုသည် လူနေမှုဘဝအတွက် မဖြစ်မနေအရေးပါလှသည်။ ယခုဖြစ်ပေါ်ကြုံတွေ့နေရသော လေဖိအားနည်းရပ်ဝန်းအခြေအနေမှသည် (ပွင့်လင်းရာသီမှအပ) နွေဦး၊ နွေနှောင်း၊ မိုးဦး၊ မိုးနှောင်း စသည့် ရာသီခွင်တိုင်းမှာ မုန်တိုင်းအန္တရာယ်ကို လျှော့မတွက်ဖို့လိုပါသည်။ ထို့ကြောင့် ထိခိုက်ပျက်စီးမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မိမိနေအိမ်ခိုင်ခံ့မှုကို စစ်ဆေးခြင်း၊ မိမိနေအိမ်ပတ်ဝန်းကျင်ရှိ လျှပ်စစ်သွယ်တန်းဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို ခုတ်ဖြတ်ရှင်းလင်းခြင်း ပြုရပါမည်။ စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ကိုင်နေသူများက နောင်ရေးစိတ်အေးရစေရန် အချိန်မီ စီမံထားကြဖို့လိုပါသည်။ ထို့ပြင် ဘေးအန္တရာယ် ကာကွယ်ရေး လေ့ကျင့်မှုများ၊ ပရဟိတလုပ်ငန်းစဉ်များ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘေးကင်းလုံခြုံသော နေရာများသို့ ပြောင်းရွှေ့ခြင်းတို့ကို အလေးထားလုပ်ဆောင်ကြဖို့ လိုပါသည်။
အချုပ်အားဖြင့်ဆိုသော် ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာနှင့်အဝှမ်း နှစ်စဉ်ဖြစ်ပွားလေ့ရှိနေသည်။ ၎င်းတို့အနက် ရေလွှမ်းမိုးခြင်းနှင့် လေမုန်တိုင်းတိုက်ခြင်းတို့ကို မိုးလေဝသပညာရှင်များက အထက်ဖော်ပြပါ သတင်းစဉ်များအတိုင်း ကြိုတင်တွက်ချက်၍ ခန့်မှန်း အသိပေးနိုင်သည့်အတွက် ပြည်သူပြည်သားများ အနေဖြင့် မိမိဘဝအတွေ့အကြုံများအရ မြင်တွေ့ကြားသိနေရသည့် အဖြစ်အပျက်များအပေါ် သင်ခန်းစာယူ၍ တတ်နိုင်စွမ်းသမျှ ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။
မုန်တိုင်းခန့်မှန်းချက်သည် မိုးလေဝသဖြစ်စဉ် သဘောသဘာဝများအရ အချိန်နှင့်အမျှ ပြောင်းလဲ ဖြစ်ပေါ် နိုင်သည်ဖြစ်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ သို့ပါ၍ ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် ဂရုပြု နားထောင်ကြရန်နှင့် တွေ့ကြုံလာမည့် သဘာဝဘေးအန္တရာယ်များကို အစိုးရနှင့်ပြည်သူ လက်တွဲညီညီ ပူးပေါင်းကာကွယ် ရင်ဆိုင်ကျော်ဖြတ် နိုင်ကြပါစေကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
ပေါက်ပေါက်