လီဗာပူး၊ ဘောလုံး
အောက်တိုဘာ ၃၁ ရက်ညက လီဗာပူးနှင့် ဝက်စ်ဟမ်းတို့ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဝက်စ်ဟမ်း အသင်းသည် ဦးဆောင်ဂိုးစတင် သွင်းနိုင်ခဲ့သော်လည်း ပွဲချိန်ပထမပိုင်းမှာပင်လီဗာပူးတိုက်စစ်မှူး ဆာလက်ချ် ဂိုးစည်းအတွင်း ဆွဲဝင်လာရာတွင် ဝက်စ်ဟမ်းအသင်းမှ မာဆွာကူ က ဖျက်ထုတ်ရာ ခြေထောက်ချင်းထိပြီး လဲကျသွား၍ ကွင်းလယ်ဒိုင် ကီဗင်ဖရန့်က VAR ကြည့်ပြီး ပယ်နယ်တီပေးခဲ့သဖြင့် ချေပဂိုးရခဲ့သည်။
ဝက်စ်ဟမ်းသည် ထိုပွဲတွင် လီဗာပူးကို ဂိုးဧရိယာအတွင်း ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း အဆုံး သတ်မသေချာမှုများကြောင့် နောက်ထပ်ဂိုးထပ်မရဘဲ ပွဲချိန် ၈၅ မိနစ်တွင် လူစားဝင်ကစားသည့် တိုက်စစ်မှူး ဂျိုတားက လီဗာပူးအတွက် အနိုင်ဂိုးသွင်းခဲ့သဖြင့် လီဗာပူးအသင်း ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲအနိုင်ရကာ အမှတ်ပေးဇယားထိပ်၌ ဦးဆောင်နိုင်ခဲ့သည်။
ဆာလက်ချ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး လီဗာပူးအသင်း၏ စံပြကစားသမားဟောင်း ဂရေမီဆောင်းနက်စ်က သူသာဒိုင်ဖြစ်လျှင် ပယ်နယ်တီ ပေးမည်မဟုတ်ဘဲ ဆာလက်ချ်သည် ထိုသို့ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုများကို ယခင်ကလည်း လုပ်ဆောင်ခဲ့သကဲ့သို့ နောင်လည်း ပို၍ပင်လုပ်နေဦးမည်ဟု ဝေဖန်ခဲ့သည်။ ဆောင်းနက်စ်က “ကျွန်တော်သာ ပရီးမီးယားလိဂ်ဒိုင်ဆိုရင် ဒီဖြစ်စဉ်ကို ပယ်နယ်တီမပေးဘူး။ ဆာလက်ချ်က ဒီလိုလုပ်နေတာ ကို အချိန်တိုင်းလိုလို ကျွန်တော်မြင်တွေ့ခဲ့ရပြီးသားပါ။ သူလဲသွားတဲ့ပုံစံကလည်း သမားရိုးကျပုံစံမဟုတ်ဘူး။ ဝက်စ်ဟမ်းကစားသမားက သူ့ခြေချင်းဝတ်နဲ့ ထိတယ်ဆိုရုံလေး ထိမိတာပါ” ဟု ပြောသည်။
ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကလည်း “ဆာလက်ချ်က သူ့ဘာသာဒိုင်ဗင်ထိုးသွားတာ။ မာဆွာကူက ရပ် လိုက်ပြီး သူ့ကိုဝင်တိုက်တယ်ဆိုတာ ဒိုင်ကိုပြသလိုက်ပေမယ့် ဒိုင်ဘက်က တုံ့ပြန်ချက်က တခြားဖြစ်ပြီး ပယ်နယ်တီပေးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းကစားပုံက အပေါင်းလက္ခဏာ ဆောင် နိုင်ခဲ့တာကိုတော့ ဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး”ဟု ပြောသည်။ ယခုပွဲအနိုင်ကြောင့် လီဗာပူးအသင်းသည် အန်ဖီးလ်ကွင်း၌ ၆၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် တင်နိုင်ခဲ့သည်။
Ref:Dailymail