ကျန်းမာစွာ နေထိုင်နိုင်ရေး ဘာတွေစားကြမလဲ

ကျန်းမာစွာ နေထိုင်နိုင်ရေး ဘာတွေစားကြမလဲ

    မကြာသေးမီက   ကျန်းမာရေးဌာနမှ    အစားအသောက်များကို စစ်ဆေးခဲ့ရာ ရန်ကုန်မြို့အတွင်း  စားသောက်ကုန် ရောင်းချသည့်ဆိုင်များမှ နနွင်းမှုန့် များတွင်  ဆိုးဆေးများ ပါဝင်နေကြောင်း  တွေ့ရှိခဲ့ရသည်။ တံဆိပ်အမျိုးမျိုးနှင့် နနွင်းမှုန့် ၁၀ မျိုးကို စစ်ဆေးခဲ့ရာ ရှစ်မျိုးတွင် ဓာတုဗေဒဆိုးဆေးများ ပါဝင်နေသည်ကို တွေ့ရသည်။ နနွင်းမှုန့်ထဲတွင် ဆိုးဆေး အပြင် ဆန်မှုန့်၊ ပဲမှုန့်များပါ ရောနှောထားသည်ကို တွေ့ရှိခဲ့ရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ    သုတေသန ညီလာခံ(၂၀၁၁ ခုနှစ်)တွင် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းအရ  ဈေးများတွင်  ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့်၊ နနွင်းမှုန့်တံဆိပ်ကွဲ ကိုးမျိုး၊ ငရုတ်ကောင်းမှုန့် သုံးမျိုးနှင့် ဇီရာမှုန့်တို့ကို ဝယ်ယူစစ်ဆေးခဲ့ရာ ခွင့်မပြုသည့် ဆိုးဆေးများ ပါဝင်နေကြောင်း တွေ့ရသည်။ အဆိုပါဆိုးဆေးများသည်    ရေရှည်စားသုံးပါက အသည်းကင်ဆာနှင့် ဗဟိုနာ့ဗ်ကြောမကြီးကို ထိခိုက်သည့် ရောဂါဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။ စစ်ဆေးခဲ့သည့် ငရုတ်သီးမှုန့် ကိုးမျိုးအနက် နှစ်မျိုးတွင် သဲမှုန့်၊ ဖုန်မှုန့်များ ရောနှောပါဝင်နေပြီး ငရုတ်ကောင်းမှုန့် တစ်မျိုးတွင် တခြားအပင် အစိတ်အပိုင်းများ ပါဝင်နေသည်ဟုဆိုသည်။

နနွင်းမှုန့်သည် အရှေ့တိုင်း အစားအစာဖြစ်သည်။ အနောက်တိုင်းတွင် အသုံးပြုမှု နည်းပါးသည်။ သို့သော် လေ့လာတွေ့ရှိချက်များအရ   အရှေ့တိုင်းသားများ အသက်အရွယ်ကြီးလာလျှင် “ပါကင်ဆန်”ရောဂါအဖြစ် နည်းရခြင်းမှာ နနွင်းမှုန့်တွင် ပါဝင်သော ဓာတ်တစ်မျိုးကြောင့်ဟု သိလာရသဖြင့် အနောက်တိုင်းတွင် နနွင်းမှုန့် စားသုံးလာကြသည်။ နနွင်းမှုန့်ကို ဆေးပြားအဖြစ် ထုတ်လုပ်ရောင်းချသည်အထိ တွင်ကျယ်လာခဲ့သည်။

ယနေ့ခေတ်တွင် မီးဖိုချောင်၌ စားသုံးဆီမှအစ ငါးပိ၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ငရုတ်ကောင်း၊ ဇီရာ စသည့် ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများကို အမြင်လှပအောင် ဖန်တီးပြုပြင်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်နှစ်က ဆရာဝန်တစ်ဦး  ရေးသားသည့် ဆောင်းပါးတစ်ပုဒ်တွင် အကြော်ဆိုင်၌ ဆီပူဒယ်အိုးအတွင်းသို့    ပလတ်စတစ် ရေသန့်ဘူးခွံနှစ်ဘူး ထည့်လိုက်ရာ ပျော်ဝင်သွားသည်ကို မျက်မြင်တွေ့ရကြောင်း ရေးထားသည်။  အကြော်ရောင်းသူကို မေးကြည့်ရာ ဆီကုန် သက်သာကြောင်းနှင့်  အကြော်အရောင်လှစေရန်နှင့်  ကြွပ်ရွစေရန်  ရေသန့်ဘူးခွံ ထည့်ကြော်ရကြောင်း ပြောသည်ဟု ရေးထားသည်ကို ဖတ်ရသည်။

တခြားနိုင်ငံများတွင် မတွေ့နိုင်သည့် လက်ဖက် ရည်ဆိုင်ထိုင်ခြင်း ဓလေ့မှာ မြန်မာနိုင်ငံ၌ လွှမ်းမိုးနေပြီဖြစ်သည်။ ရပ်ကွက်တစ်ခု၊ လမ်းတစ်လမ်းတည်းမှာပင် လက်ဖက်ရည်ဆိုင် သုံးလေးဆိုင် တွေ့မြင်နေရသည်။  တချို့နာမည်ကြီး လက်ဖက်ရည်ဆိုင်များမှာ ကားရပ်စရာပင် နေရာမရဖြစ်နေသည်။ လက်ဖက်ရည်ဆိုင်များတွင် အသုံးပြုသော လက်ဖက်အချိုခြောက်များမှာ ဆိုးဆေးမကင်းကြောင်း သက်ဆိုင်ရာမှ စစ်ဆေးသတိပေးပြီးဖြစ်သည်။  ရေနွေးကြမ်းတွင်  ခတ်သော လက်ဖက်ခြောက်မှာလည်း ဆိုးဆေးအနီရောင်များ ပါဝင်နေသည်မှာ   အထင်အရှားပင်ဖြစ်သည်။ လူအများ နေ့စဉ် လက်ဖက်ရည်ဆိုင်ထိုင်ပြီး  ရောဂါ ဝယ်ယူသလိုပင်ဖြစ်နေသည်။

တစ်ခါက မိတ်ဆွေတစ်ဦးနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ ဧည့်ခံရင်း လက်ဖက်ရည်ဆိုင် ဝင်ထိုင်မိကြပါသည်။ အခန့်မသင့်၍ လက်ဖက်ရည်သောက်ရင်း စာရေးသူ၏ တိုက်ပုံအင်္ကျီအဖြူပေါ်သို့ ဖိတ်ကျခဲ့သည်။  အိမ်ရောက်ပြီးနောက် ယင်းတိုက်ပုံကို ဆပ်ပြာနှင့်လျှော် သောအခါ  လက်ဖက်ရည်အနီရောင် အစွန်းအထင်းမှာ မကျွတ်ဘဲ ကျန်နေသည်ကို တွေ့ရသည်။ ဆိုးဆေး ဖြစ်၍ အစွန်းမကျွတ်ခြင်းဖြစ်သည်။

မကြာသေးမီက စာရေးသူ၏ နှစ်နှစ်သားအရွယ် မြေးလေးကို အိမ်နီးချင်းနိုင်ငံမှ ထုတ်လုပ်သော ကစားစရာအရုပ်တစ်ရုပ် ဝယ်လာပေးဖူးသည်။  ထိုအရုပ်သည် မတော်တဆ ရေထဲသို့လွတ်ကျသွားခဲ့ပြီး အချိန် တစ်နာရီခန့်ကြာမှ ဆယ်ယူပေးခဲ့ရာ ဆေးရောင်များ ကျွတ်နေသည်ကို တွေ့ရသည်။ ကလေးကစားစရာ အရုပ်များမှ ဓာတုဆိုးဆေးများကြောင့် ရောဂါရနိုင်ကြောင်း စာစောင်တစ်ခုတွင် ဖတ်ခဲ့ဖူးသည်ကို ပြန်လည်သတိရမိသည်။ အမေရိကန်တွင် တခြားနိုင်ငံမှဝင်လာသည့် ကလေးကစားစရာများတွင် အန္တရာယ်ရှိသော အရောင်ဆိုးဆေးများ ပါဝင်သဖြင့် ဖျက်ဆီးပစ်သည့် အကြောင်းလည်း ဖတ်ခဲ့ဖူးသည်။ ကလေးများသည်  ကစားစရာ အရုပ်များကို စားစရာအမှတ်ဖြင့် ပါးစပ်ထဲသို့ ထည့်ခြင်း၊ ကိုက်ဝါးခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အရုပ်ဝယ်ပေးလျှင်  အရောင်ဆိုးဆေးများ  ကလေးပါးစပ်ထဲသို့ မဝင်အောင် အထူးသတိပြုရန် လိုသည်။

အစာလည်းဆေး   ဆေးလည်းအစာဟု ဆိုသော်လည်း ရောင်းတမ်းဝင် တိုင်းရင်းဆေးတချို့တွင် ဓာတုဗေဒဆိုးဆေးများ သုံးစွဲနေကြသည်ဟု ပရဆေးဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။ သွေးဆေးကို တော်တော်များများ သုံးစွဲကြသည်။ သွေးဆေးတွင် ပါဝင်သောအနီရောင်မှာ စန္ဒကူးနီနှင့် နံ့သာနီမှထွက်သော အရောင်ဖြစ်သည်။  ရိုးရိုးသစ်သားတုံးကို  အနီရောင်ဆိုးကာ စန္ဒကူးနီ၊ နံ့သာနီပြုလုပ်ပြီး တခြားဆေးအမယ်များနှင့် ရောနှောကြိတ်လိုက်သည့်အပြင်  သွေးဆေးများတွင် စားသုံးရန်မသင့်သည့် ချည်ဆိုးဆေးများပါ အသုံးပြုလျက်ရှိသည်။ ယင်းဆိုးဆေးများကြောင့် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်။

စာရေးသူတို့ငယ်စဉ်က မိခင်ကြီးက ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းပေးလေ့ရှိသည်။ သနပ်ခါးမလိမ်းမီ ကျောက်ပြင်ပေါ်မှ သွေးပြီးသားသနပ်ခါး အနည်းငယ်ကို လက်ညှိုးနှင့်တို့ပြီး လျှာပေါ်သို့ခွံ့ပေးလေ့ရှိသည်။ အပူငြိမ်းဆေးအဖြစ် ကျွေးခြင်းဖြစ်သည်။

မကြာမီက   သနပ်ခါး အပွေးကောင်းသည်ဆိုပြီး ဝယ်လာသူ အိမ်ရှင်မတစ်ဦးသည် အိမ်ရောက်သောအခါ  သနပ်ခါးတုံးကို  သွားပွတ်တံဖြင့်ပွတ်ဆေးရာ အညိုရောင်ဆေးများ ကျွတ်ထွက်လာသည်ဟု  ပြောသည်။  သနပ်ခါး အပွေးလှအောင်  အက်ကြောင်းများကြားတွင် ပိုးချည်ဆိုးဆေးများ ဆိုးထားခြင်းဖြစ်သည်။

ဈေးထဲ၌ရောင်းချသော မျှစ်များမှာလည်း ဆိုးဆေးများ ဆိုးထားသည့်အတွက် ဆိုးဆေးလွတ်သောမျှစ်ကို ဝယ်လိုလျှင် သီးသန့်မှာယူမှသာ ရနိုင်သည်။

ကလေးများစားသော ဂျယ်လီ၊ သကြားလုံးများမှာ အရောင်ဆိုးဆေးများ လွန်ကဲစွာ သုံးထားသည့်အပြင် သကြားအတု၊ ဆေးသကြားများပါသဖြင့် ချောင်းဆိုး ရင်ကျပ်ခြင်းဖြစ်လာကြသည်။

လမ်းဘေးတွင်ရောင်းချသော ဝက်သားတုတ်ထိုးများမှာ အရောင်ဆိုးဆေးများ သုံးထားသည့်အပြင် မရောင်းရလျှင် ကြိမ်ဖန်များစွာ ပြန်နွှေးရောင်းချသဖြင့် အစာအိမ်နှင့် အူမကြီးရောင်သောရောဂါများအပြင် ကင်ဆာရောဂါပါ ဖြစ်စေနိုင်သည်။

အထက်ပါ အကြောင်းအရာများကို လေ့လာကြည့်လျှင် ကျန်းမာလိုသူ တစ်ဦးအဖို့   မည်သည့်အစားအသောက်ကို စားရမည်မှန်း မသိနိုင်အောင်ဖြစ်နေ မည်ဟုထင်ပါသည်။ တိုးတက်လာသော ခေတ်နှင့်အညီ ဆန်းသစ်တီထွင်မှုများလည်း   တိုးတက်လာသည်။ အတုအပ ပြုလုပ်သူများအတွက် ဓာတုဗေဒပစ္စည်းများ ပေါပေါများများ လွယ်လွယ်ကူကူ ရရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

ရှေးကမြန်မာများသည် အိမ်နောက်ဖေးဈေးဆိုင် တည်ဟုဆိုကာ မိမိစားသောက်ရန် ဟင်းသီးဟင်းရွက် များကို  အိမ်နောက်ဖေး  မြေပိုလေးတွင်စိုက်ကြပျိုးကြသည်။ အိမ်ရှေ့တွင်အရိပ်ရစေရန် ဘူးပင်ကို စင်ထိုးပြီးစိုက်ကြသည်။ လတ်ဆတ်သောခြံထွက်သီးနှံကို စားရပြီး ဈေးဖိုးလည်း ချွေတာရာရောက်ပေသည်။

ယနေ့ခေတ်တွင် ရှေးကလို အိမ်တိုင်း  မြေလွတ်မရှိ။ စိုက်ဖို့ပျိုးဖို့မလွယ်။ ရှိသမျှမြေအပိုကို ရောင်းချပြီး အထပ်မြင့်တိုက်များ ပေါ်ပေါက်လာခဲ့ပြီ။

ကျေးလက်တောရွာ၌ နေကြသည့် တောင်သူများမှာလည်း သဘာဝအတိုင်း စိုက်ပျိုးကြသည် မဟုတ်တော့။ မြေသြဇာများနှင့် သီးနှံကြီးထွားသည့် ဓာတုဗေဒဆေး များသုံးစွဲမှုကြောင့် စားသုံးသူများမှာ အာဟာရမဖြစ် ကြပေ။ ပိုးသတ်ဆေးများ ပါသည့် အစားအသောက်ကို သေချာစွာရေဆေးပြီး မသုံးစွဲသဖြင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် လူ့ဘဝသက်တမ်းစေ့ နေနိုင်ရေး၊  ကျန်းမာစွာ နေနိုင်ရေးအတွက်  အစား အသောက်များကို မစားမီ သေချာဆေးကြောပြီးမှသာ စားသုံးသင့်သည်။ သဘာဝထက်ပို၍ကြီးထွားသော သီးနှံများကို  မစားသုံးသင့်ပါ။  အစားအစာများကို မချက်ပြုတ်မီ ရေဖြင့်စင်ကြယ်စွာဆေးကြောပြီး အရောင် ပျက်ပြယ်သွားလျှင်  မစားသုံးသင့်ပါ။  ချက်ပြုတ်ပြီး နောက် အရောင်ပြောင်းသွားသော အစားအသောက်များကိုလည်း သတိထားသင့်သည်။ ဓာတုဗေဒဆေးများ ပါဝင်သော အစားအစာများသည် အာဟာရမဖြစ်ဘဲ ရောဂါဖြစ်စေနိုင်ကြောင်း သတိဖြင့် ဆင်ခြင်စားသုံးနိုင်ပါရန် အသိပေး တင်ပြလိုက်ရပါသည်။     ။

ကြည်လွင်မြင့်(မုဒြာ)