လူမှုစီးပွားဘဝမြင့်မားရေး သမဝါယမကဆောင်ရွက်ပေး

လူမှုစီးပွားဘဝမြင့်မားရေး သမဝါယမကဆောင်ရွက်ပေး

 

နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားရေးအတွက် ရှုထောင့်အဖုံဖုံ၊ ကဏ္ဍအစုံစုံက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မျက်မှောက်ကာလတွင် ပို၍ဆောင်ရွက်ပေးလျက်ရှိနေသည်ကို သတိပြုမိပါသည်။ အမှန်လည်း ကျေးလက်လူမှုစီးပွားဘဝမြင့်မားမှ  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပေသည်။ သယံဇာတပေါကြွယ်ဝတဲ့ အမိနိုင်ငံအဖို့  ပြည်ပပို့ကုန်တင်ပို့မှုမှာ ကုန်ကြမ်းအဖြစ်သာ တင်ပို့မှုကများနေသည်ကို  တွေ့နေရပါသည်။ ပြည်ပတင်ပို့မှုမှ နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာ ရရှိအောင်   ဆောင်ကြဉ်းပေးနေခြင်းတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့နေခြင်းက အဓိကအပိုင်းမှ ပါဝင်နေသည်ဟု ဆိုရပေမည်။

စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်တွေကို ကျေးလက်နေတောင်သူဦးကြီးများက စိုက်ပျိုး၊ မွေးမြူ၍ ထုတ်လုပ် ပေးလျက်ရှိခြင်းနှင့် ယင်းတို့၏ အကျိုးဆက်ကြောင့်သာ နိုင်ငံတော်အတွက်  နိုင်ငံခြားငွေ အမြောက်အမြား ရရှိနေသည်ဟု  သွယ်ဝိုက်၍ဆိုပါက ဆိုလို့ရပေမည်။ ပွဲစား၊ ကုန်သည်၊ နထစသမအနမ များက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသော်လည်း အဆိုပါ တင်ပို့နေသည့် ကုန်ပစ္စည်းများသည် တောင်သူတစ်ဦးချင်းစီက ထုတ်လုပ်ခြင်းကြောင့် သင်္ဘောတင်ခွင့် ရနေကြသည် ဆိုတာကိုတော့ မမေ့မလျော့ကောင်းလှပါ။

တောင်သူဦးကြီးများ စိုက်ပျိုးကြသည့် စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ ဖရဲ၊ ကြံ၊ ငရုတ် စသည့်သီးနှံများ၊ နှစ်ရှည်ပင်မှ ထွက်ရှိသည့်သီးနှံများ ပြည်ပသို့တင်ပို့ခြင်းကြောင့် နိုင်ငံတော်အတွက်  နိုင်ငံခြားငွေများစွာ   ရရှိနေသော်လည်း  တောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝမြင့်မားမှုမှာကား ထင်သလောက်ရှေ့သို့ ရောက်လာခြင်း မရှိနိုင်သေးသည်ကလည်း   လက်တွေ့မှာ အမှန်တွေ့နေရပြန်သည်။  နိုင်ငံအတွက် စားရေရိက္ခာ ပေါကြွယ်ဝနိုင်ရေးနှင့် နိုင်ငံခြားငွေများစွာ ရရှိနိုင်ရေး နေပူမရှောင်၊ မိုးရွာမရှောင် စိုက်ရေးပျိုးရေးဘဝတွေကို ရုန်းကန်ရင်း အမိမြေ၊ အမိဒေသ၊ အမိပတ်ဝန်းကျင်ကိုမြတ်နိုးပြီး    မိသားစုဘဝရှင်သန်နိုင်ရေး ကြိုးစားနေကြတဲ့ တောင်သူဦးကြီးများအတွက် အစုအဖွဲ့၊ သမဝါယမအသင်းများ ဖွဲ့စည်းပြီး အရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် ယင်းတို့၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်ပေးနေခြင်း များကလည်း ထိုက်သင့်သလောက် အရာရောက်နေပြီဟု ဆိုချင်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု  (One Village One Product (OVOP) အကျိုးတူ လယ်ယာစနစ်၊    ကန်ထရိုက်လယ်ယာ (Contract Farming)၊ ဆန်စက်၊ ဆီစက်လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ကြပြီး အများအကျိုးအတွက် ထမ်းသယ်ပိုးလိုစိတ်ရှိသူ၊ သမဝါယမစနစ်ကို ယုံကြည်ပြီး စိတ်ပါဝင်စားသူများ အမှန်တကယ် အလုပ်လုပ်သူများဖြင့်သာ စည်းရုံးဖွဲ့စည်းခဲ့သည့် သမဝါယအသင်းများကို မျက်မှောက်ကာလတွင် တိုးချဲ့ဆောင်ရွက်လျက်ရှိနေသည်ဟု ကြားသိရ၍ ဝမ်းသာနေမိပါသည်။ မိမိတို့၏စိုက်ပျိုးရေး၊  မွေးမြူရေး   စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်နေကြပြီး ရိုးဂုဏ်ကိုထိန်းသိမ်းကာ  နိုင်ငံ့အတွက်     အလုပ်အကျွေးပြုနေကြတဲ့  ကျေးလက်နေတောင်သူဦးကြီးများအား  သမဝါယမဦးစီးဌာနဝန်ထမ်းများက အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စုပေါင်းဆောင်ရွက်ခြင်းကြောင့် အသင်းသားကိုယ်စီတိုးတက်မှု အလီလီရရှိလာခြင်း စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်စည်းရုံး၍ အများဆန္ဒနှင့်အညီ သမဝါယမအသင်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရေး   ဖွဲ့စည်းဆောင်ရွက်ပေးနေကြောင်းကြားသိရ၍လည်း များစွာ ဂုဏ်ယူနေမိပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ ဖေဖော်ဝါရီလထိ) ၁၁ လတာကာလအတွင်း လယ်ယာထုတ်ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၂၃၄ ဒသမ၂၀၂ သန်း၊ မွေးမြူရေး(ရေလုပ်ငန်းအပါ) ကဏ္ဍမှ ဒေါ်လာ ၆၆၃ဒသမ ၃၁၈ သန်း ပေါင်းဒေါ်လာ ၃၈၉၇ ဒသမ ၅၂ သန်း ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။  သို့ဆိုရာ တောင်သူဦးကြီးများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကြောင့် နိုင်ငံအတွက် နိုင်ငံခြားငွေများစွာ ရရှိနေသည်မှာ သိသာထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်သည်။ ပြည်တွင်းစားသုံးမှုကို ထိန်းညှိရင်း ပြည်ပပို့ကုန်များ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်းဖြင့် ပို့ကုန်ရငွေတိုးမြှင့်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ နိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခြင်းဖြင့်  ယခုထက်ပိုမို၍  နိုင်ငံခြားငွေရရှိလာစေရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုမြင့်မားလာစေရေး၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရေးတို့ကို ရှေးရှု၍  နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်မှာ အနာဂတ်မြန်မာ့စီးပွားရေးတိုးတက်မှုရဲ့ မောင်းနှင်အားသဖွယ်ရှိနေပေဦးမည်။

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေများထောက်ပံ့ပေးမှုတွင် ကယား၊ ချင်း၊ ရခိုင် စသည့်ပြည်နယ်သုံးခုအတွက် ငွေကျပ် ၁၀ ဘီလီယံစီဖြင့် ငွေကျပ် ၃၀ ဘီလီယံ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း စသည့်ပြည်နယ်လေးခုနှင့်  တနင်္သာရီ တိုင်းဒေသကြီးတို့အတွက် ငွေကျပ် ရှစ်ဘီလီယံစီဖြင့် ငွေကျပ် ၄၀ ဘီလီယံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသ ဦးစီးအဖွဲ့ခြောက်ခုအတွက် ငွေကျပ် ငါးဘီလီယံစီဖြင့် ငွေကျပ် ၃၀ ဘီလီယံ စုစုပေါင်းငွေကျပ် ၁၀၀ ဘီလီယံဖြင့် နိုင်ငံတော်မှ  မတည်ထောက်ပံ့ပေးကာ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက်   စိုက်ပျိုးရေး၊ မွေးမြူရေး၊   ရေလုပ်ငန်းနှင့်သမဝါယမ လုပ်ငန်းများ ဆောင်ရွက်သည့် အစုအဖွဲ့၊ သမဝါယမ အသင်းများ အနေဖြင့်လည်း      ပြဋ္ဌာန်းထားသည့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ   အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည်မှာ များစွာအကျိုးရှိလှပေသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနသည် တည်ဆဲ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် အထွေထွေစီးပွားရေးဆိုင်ရာ သမဝါယမ အသင်းများကို ဖွဲ့စည်းမှတ်ပုံတင်ပေးလျက်ရှိရာ  ၃၁-၃-၂၀၂၃ ရက်နေ့ထိ အသင်းသားပြည်သူ ၄ ဒသမ ၂ သန်းဖြင့် သမဝါယမအသင်းပေါင်း ၃၈၇၆၀ ကျော် ဖွဲ့စည်းမှတ်ပုံတင်ပေးထားကြောင်း သိရှိရသည်။ ဖွဲ့စည်းပြီး သမဝါယမအသင်း အများစုမှာ   စိုက်ပျိုးရေး၊  မွေးမြူရေး၊  ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(OVOP)၊ အကျိုးတူလယ်ယာစနစ် ကန်ထရိုက်လယ်ယာ (Contract Farming) စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြသည့်    ကျေးလက်နေပြည်သူများ၏ ဆန္ဒနှင့်အညီ  ဖွဲ့စည်းထားကြောင်းလည်း သိရှိရပါသည်။ မျက်မှောက်ကာလတွင် ဖွဲ့စည်းပေးလျက်ရှိသည့် သမဝါယမအသင်းများမှာ အသင်းသားများအကျိုးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်သည့် အနေအထားမျိုးဖြစ်အောင်  အလေးပေးဆောင်ရွက်  လျက်ရှိသည်မှာ     မှန်ကန်ကောင်းမွန်လှပါသည်။

အချို့သော သမဝါယမအသင်းများမှာမူ အသင်းကိုယ်တိုင် စီးပွားရေးဖွံ့ဖြိုးတောင့် တင်းခိုင်မာလျက် ရှိနေသော်လည်း မူလပကတိ  အခြေခံအုတ်မြစ်ပမာတည်ရှိနေသည့် အသင်းဝင်/အသင်းသား တစ်ဦးချင်းစီအတွက် အကျိုးအမြတ်ခွဲဝေပေးမှု  အားနည်းနေသေးသည်ကိုလည်း  သမဝါယမ လောကသား အချို့၏ ပြောကြားချက်အရ   သိရှိရပါသည်။ အသင်း၏ အကျိုးအမြတ်ရငွေသည် အသင်းသားများအတွက် ဦးတည်ထောက်ပံ့ပေးရမည်ဖြစ်သကဲ့သို့    အသင်းရေရှည်ဖွံ့ဖြိုးရေးအတွက်လည်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ အသင်းသားများအကျိုးကို ထိရောက်စွာ ထောက်ပံ့ပေးခြင်းဖြင့် သမဝါယမအပေါ်  ပြည်သူတို့၏ယုံကြည်မှု တိုးတက်လာမည်မှာလည်း ဧကန်မလွဲပေ။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့များတွင် သမဝါယမကဏ္ဍမှ မြစိမ်းရောင် (သမဝါယမ)စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး စသည်တို့ကို လုပ်ကိုင်နေသည့် ကျေးလက်နေ သမဝါယမ အသင်းသားပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာမည်မှာ မုချဧကန်ပင်။ သို့ဆိုရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့များတွင် သမဝါယမကဏ္ဍမှဆောင်ရွက်မည့် မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလျာထား တင်ပြထားမှု၊ အဆိုပါလျာထားတင်ပြမှုအနက်မှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အသင်းသားများ လက်ဝယ်အရောက် ယင်းတို့လိုအပ်သည့်မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ(ဆီဖိုး)၊ တိရစ္ဆာန်အစာ စသည့်ပစ္စည်းများကို အသင်းဒါရိုက်တာ  အဖွဲ့ဝင်များ၊ ကော်မတီအဆင့်ဆင့်တို့ကတာဝန်ယူ၊ တာဝန်ခံ ကြီးကြပ်မှုများဖြင့်  ထောက်ပံ့ဆောင်ရွက်နေမှုများမှာ     အောက်ပါအတိုင်းရှိကြောင်း သမဝါယမဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်-

အထက်ပါဇယားအရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ရှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး သုံးခုတို့တွင် သမဝါယမကဏ္ဍအတွက် ငွေကျပ် ၁၂၃၅၃ ဒသမ ၇၀ သန်း  အဆိုပြုလျာထားခဲ့ပြီး ငွေကျပ် ၈၉၀၅ ဒသမ ၀၄ သန်း အကောင်အထည်ဖော် ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့်  ကျန်ရှိနေသည့် ငွေကျပ် ၃၄၄၈ ဒသမ ၆၆ သန်း

ကိုလည်း လာမည့်ရာသီတွင် ကော်မတီအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေး၊  မွေးမြူရေး၊   ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု(OVOP)လုပ်ငန်း၊  အရောင်းဆိုင်မြှင့်တင်ခြင်းလုပ်ငန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်(သမဝါယမ) စီမံကိန်းလက်စွဲစာစောင်အား စနစ်တကျရေးဆွဲပြီး ကြီးကြပ်စီမံဆောင်ရွက်လျက် ရှိနေခြင်းကြောင့်   ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။

အချုပ်ဆိုရသော် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ကျေးလက်နေပြည်သူ အများစုပါဝင်သည့် သမဝါယမအသင်းများမှတစ်ဆင့် တောင်သူတစ်ဦးချင်းဆီသို့ ထိရောက်သော ပံ့ပိုးပေးမှုဖြစ်ခြင်း၊ ငွေသားသက်သက်(သီးသန့်)ထုတ်ပေးခြင်း မဟုတ်ဘဲ လိုအပ်သည့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်အားခများကိုသာ ထောက်ပံ့ပေးခြင်း၊ ထွက်ပေါ်လာသည့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များအား ဈေးကွက်ချိတ်ဆက်ပေးမည့် အစီအစဉ်များ ပါရှိခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် သမဝါယမဦးစီးဌာန အဆင့်ဆင့်နှင့် သမဝါယမအသင်း အဆင့်ဆင့်တို့က ဆောင်ရွက်ပေးနေမှုများသည် နိုင်ငံစီးပွားရေး တိုးတက်မြင့်မားလာရေးတွင် အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ ဆောင်ကြဉ်းပေးလျက်ရှိနေသည်ကို မီးမောင်းထိုးပြလိုက်ရပါတော့သည်။         ။

Kဇင်သစ်(မန်းတက္ကသိုလ်)