မွန်မြတ်စိတ်ထား တပ်မတော်သူနာပြုများ
အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (Interna-tional Nurses Day)အား ခေတ်သစ်သူနာပြုစုခြင်း ပညာရပ်ကို စတင်တည်ထောင်သူအဖြစ် ထင်ရှားတဲ့ ဖလောရင့်နိုက်တင်ဂေးလ်ရဲ့မွေးနေ့ မေလ ၁၂ ရက်နေ့ ရောက်တိုင်း ကျင်းပခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်ကစပြီး အပြည်ပြည်ဆိုင်ရာ သူနာပြုများကောင်စီက ကြီးမှူးကျင်းပခဲ့ကြပြီး အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ သူနာပြုတွေရဲ့အခန်းကဏ္ဍဟာ အရေးပါကြောင်း မီးမောင်းထိုးပြချင်တဲ့အတွက် ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ရဲ့ Theme (အာဘော်)ကတော့ A Voice to lead: ''Our Nurses. Our Future.'' ဖြစ်ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့ပြီး တပ်မတော်ဆိုင်ရာဆရာဝန်၊ သူနာပြုနှင့်ဆေးဘက်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ ပေါ်ပေါက်လာမှုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် စိန်ရတုနှစ်ပတ်လည်တိုင်ခဲ့ပြီ ဖြစ်သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တပ်မတော်သူနာပြုများသည် ယနေ့တိုင် ခေတ်အဆက်ဆက်တွင် တပ်မတော်၏ လက်ရုံးဝန်ထမ်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းသာယာရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့်စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်ရာတွင်လည်း ကျရာအခန်းကဏ္ဍ၌ ပါဝင်ထမ်းဆောင်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရအဆက်ဆက် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူလူထုကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်သည့်နေရာတွင်လည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးနိုင်ရန်အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဆေးကုသမှု လုပ်ငန်းများကို အင်တိုက်အားတိုက်တိုးမြှင့်ဆောင်ရွက်ရာတွင် တပ်မတော်သူနာပြုများ သည်လည်း ပြည်သူ့အကျိုးပြု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျသွားရောက် စောင့်ရှောက် ကုသပေးခဲ့ကြသည်။ ပြင်ဦးလွင်စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်စဉ် ထိုစဉ်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ရွာ(ပန်းဦးတောင်)အပါအဝင် ညောင်နီ၊ ငါးရံ့ချောင်း၊ နောင်ခမ်းကြီးရွာမှသည် နောင်ချိုမြို့နယ် ဝက်ဝံရွာအထိ မမောနိုင် မပန်းနိုင်သွားရောက်ကာ ပြုစုကုသမှုပေးခဲ့ကြသည်။
ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အချိန်တိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ လို့ မိန့်ကြားထားသည့်အတိုင်း တပ်မတော်သူနာပြုများသည်လည်း အချိန်၊ နေရာဒေသ၊ လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်နိုင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၁၂ ခုနှစ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့အနီး မြေငလျင်လှုပ်ခတ်မှုတွင် ပြင်ဦးလွင် တပ်မတော်ဆေးရုံက ဆေးအကာအကွယ်ပေး တာဝန်ထမ်းဆောင်ရန် ညတွင်းချင်း အင်အားစုဖွဲ့ပြီး (သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် ထုပ်ပိုးထားသော)ခန့်မှန်း လူအင်အား ၁၀၀၀ ဦးခန့်အတွက် ဆေးနှင့်ဆေးပစ္စည်းများကိုပါ တစ်ပါတည်းယူဆောင်လျက် ထိရောက်မြန်ဆန်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ကို သတိရမိပါသေးသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြင်းထန်ချိန်တွင်လည်း CDM လှုပ်ရှားမှုများကြောင့် ယိမ်းယိုင်ခဲ့သောကျန်းမာရေးကဏ္ဍကို ဆေး၊ စက်ပစ္စည်းများအား လွတ်လပ်စွာတင်သွင်းခွင့်ပြုကာ တပ်မတော်ဆေးရုံများရှိ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား အောင်မြင်နိုင်ခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် တပ်မတော်သူနာပြုများအပါအဝင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်အားလုံး စိတ်ဓာတ်ခိုင်မာစွာ ပြည်သူ့ အကျိုးသယ်ပိုးနိုင်ခဲ့သည်။
သူနာပြုပညာရပ်သည် ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့် ပညာရပ်တစ်ရပ်ဖြစ်သည်။ သူနာပြုတစ်ဦးအနေဖြင့် ကျန်းမာရေးပြုစု စောင့်ရှောက်ပေးရာတွင် ကျန်းမာရေးဆိုင်ရာပညာပေးသူ၊ ဆွေးနွေးအကြံပြုသူ၊ ပြုစုစောင့်ရှောက်ပေးသည့်သူစသည့် အသွင်သဏ္ဌာန်မျိုးစုံနှင့် ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းစဉ်များတွင် ပါဝင်နေကြခြင်းဖြစ်ပြီး သူနာပြုတစ်ဦး၏ အပြောအဆို၊ အပြုအမူသည် လူနာ၏ စိတ်ဓာတ်ခွန်အားများ လန်းဆန်းတက်ကြွစေနိုင်ပြီး ကုသမှုကို ထိရောက်စေသည်။ သူနာပြုကောင်းတစ်ဦး ဖြစ်စေရန် အရေးအကြီးဆုံးလိုအပ်ချက်သည် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ ဆိုသည့် နာ ၅ နာနှင့်ပြည့်စုံရန်ဖြစ်သည်။ တပ်တွင်းမိသားစုများသာမက ပြည်သူလူထုကိုပါ ဆေးအကာအကွယ်ပေး တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေးပညာပေးဟောပြော ဆွေးနွေးခြင်းများတွင် ပါဝင်လျက် တပ်မတော်သူနာပြုများက ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ရာသီအလိုက် အပူဒဏ်ကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ဆောင်ရန်၊ ရှောင်ရန်များအပြင် ရှေးဦးသူနာပြုခြင်းများကိုပါ သရုပ်ပြဆွေးနွေးခဲ့ကြသည်။
သူနာပြုစိတ်ဓာတ်၏ အခြေခံညွှန်းဆိုချက်သည် လူနာ၏စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှုဆိုင်ရာ ကောင်းမွန်ရေးပင်ဖြစ်သည်။ သူနာပြုစိတ်ဓာတ်ကောင်းများနှင့် ပြည့်စုံနေမည်ဆိုလျှင် မည်သည့်နေရာ ဒေသတွင်မဆို ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားနိုင်မည်ဖြစ်ပြီး တပ်မတော်သား မိသားစုဝင်များနှင့် ပြည်သူလူထုက အားကိုးအားထားပြုရသည့် တပ်မတော်သူနာပြုကောင်းများ မလွဲမသွေ ဖြစ်လာမည်ဖြစ်သည်။
ထို့ပြင် သူနာပြုများခံယူအပ်သည့် သူနာပြုအဓိဋ္ဌာန် ကတိသစ္စာ(၉)ချက်ကိုလည်း တည်ကြည်ဖြောင့်မတ်မြဲမြံစွာ စောင့်ထိန်းလိုက်နာရန် အထူးလိုအပ်သည်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်များဖြင့် စိတ်ဓာတ်ခိုင်မာပြင်းပြစွာ တိုက်ပွဲဝင်ကြသည့် တပ်မတော်သား အရာရှိ/စစ်သည်များသည် ဒဏ်ရာအနာတရဖြစ်ချိန်၊ ကျန်းမာရေးချို့ယွင်းချိန်တွင် လူသားများပီပီ ပြုစုစောင့်ရှောက်သူများ၏ အကြင်နာ၊ ကရုဏာကို တမ်းတလိုချင်ကြပေသည်။ ထို့ကြောင့် လူနာအားလုံး၏ ကိုယ်ရောစိတ်ပါကျန်းမာရေးကို ကျွန်မတို့တပ်မတော်သူနာပြုများက မိမိအရေးကိစ္စကဲ့သို့ သဘောထားကာ ကျန်းမာရေးပြုစု စောင့်ရှောက်ပေးရန် လိုအပ်၍ တပ်မတော်သူနာပြု၏ ကျင့်ဝတ်နှင့်ဂုဏ်သိက္ခာကို တန်ဖိုးထားမြှင့်တင်ကြရမည်ဖြစ်သည်။
လောက်ကိုင်စစ်ဆင်ရေးကာလက စစ်ဆင်ရေးထိခိုက်ဒဏ်ရာရစစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိလျက် ပြင်ဦးလွင်တပ်မတော်ဆေးရုံသို့ ရောက်ရှိလာရာ အဖျားတက်လျက် ကယောင်ကတမ်းဖြင့် အမေ...အမေ ဟု အော်ဟစ်ညည်းတွားနေရာ တပ်မတော်သူနာပြုဖြစ်သူ ကျွန်မက အမေသားဘေးနားမှာ ရှိနေပါတယ် လို့ပြောပြီး လက်ကလေးကို ဆုပ်ကိုင်ထားရာ အားကိုးတကြီးလက်ကို တင်းတင်းပြန်ဆုပ်ကိုင်ကာ ကျေနပ်ငြိမ်သက် သွားတာ တွေ့ကြုံခဲ့ဖူးပါတယ်။ ရဲဝံ့စွန့်စားပြည်ချစ်သားများကို ကျွန်မတို့လေးစားဂုဏ်ယူစွာ အကြင်နာ၊ ကရုဏာဖြင့်ပြုစုရန် ဘယ်တုန်းကမျှ တွန့်ဆုတ်ခဲ့ခြင်း မရှိခဲ့ပါ။
သစ္စာစောင့်သိမှုတရားသည် တပ်မတော်အား (၁၀)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းကောင်းမွန်မှုများနှင့် ပြည့်စုံနေမည်ဆိုလျှင် မိမိ တပ်ရင်း၏တပ်ဖွဲ့၊ တပ်မတော်နှင့် ပြည်သူလူထုအပေါ်၊ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိနေခြင်းပင်ဖြစ်သည်။ မိမိအဖွဲ့အစည်းနှင့် သေအတူရှင်မကွာ အတူတကွ လက်တွဲတာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်ရဲဘက်များအပေါ်တွင် ထားရှိရမည့်သစ္စာ စောင့်သိမှုသည် ပို၍အရေးကြီးပါသည်။ တပ်မတော်သားမိသားစုဝင်များကိုသာမက ပြည်သူလူထုတစ်ရပ်လုံးကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် သူနာပြုကတိသစ္စာ (၉)ချက်နှင့်အညီ စောင့်ထိန်းလိုက်နာလျက် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို မြဲမြံခိုင်မာအောင် တည်ဆောက်ကာ စိန်ရတုဆေးတပ်ဖွဲ့နေ့ကိုကျော်လွန်၍ ယနေ့တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သူနာပြုများ၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားပါမည်ဟု ကတိပြုရင်း အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။ ။
မိခိုင်ဇင်ခင်လေး