ဆီးဂိမ်း Kun Khmer ပြိုင်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအဖွဲ့ ငွေနှစ်ခု၊ ကြေးခုနစ်ခုရရှိ
ရန်ကုန် မေ ၁၁
ဆီးဂိမ်း Kun Khmer ပြိုင်ပွဲ နောက်ဆုံးနေ့ကို မေ ၁၁ ရက်က ဆက်လက် ကျင်းပရာ မြန်မာ Kun Khmer အဖွဲ့သည် ပြိုင်ပွဲအပြီးတွင် ငွေနှစ်ခု၊ ကြေး ခုနစ်ခု ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာ Kun Khmer အဖွဲ့သည် အမျိုးသား ၈၁ ကီလိုတန်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ထွန်းထွန်းမင်းနှင့် အိမ်ရှင် ကမ္ဘောဒီးယားကစားသမား ဆမ်မန်ရမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ဆမ်မန်ရမ်သည် ထွန်းထွန်းမင်းကို ၃၀-၂၇ မှတ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရခဲ့ပြီး ထွန်းထွန်းမင်းမှာမူ ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသည်။ ပြိုင်ပွဲအပြီးတွင် မြန်မာ Kun Khmer အဖွဲ့သည် ငွေတံဆိပ်ဆုများကို အမျိုးသား ၈၁ ကီလိုတန်းတွင် ထွန်းထွန်းမင်း၊ အမျိုးသမီး ၄၈ ကီလိုတန်းတွင် မေသဇင်ထူး၊ ကြေးတံဆိပ်ဆုများကို အမျိုး သား ၅၄ ကီလိုတန်းတွင် ဟိန်းသူအောင်၊ အမျိုးသား ၅၇ ကီလိုတန်းတွင် စောအတစ်၊ အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်းတွင် စောလှဝင်းစိုး၊ အမျိုးသား ၇၁ ကီလိုတန်းတွင် နိုင်ရဲလင်း၊ အမျိုးသား ၇၅ ကီလိုတန်းတွင် ကျော်လင်းထက်၊ အမျိုးသမီး ၅၁ ကီလိုတန်းတွင် မာရီနာ၊ အမျိုးသမီး ၅၇ ကီလိုတန်းတွင် ဥမ္မာစိုးတို့က ရရှိခဲ့သည်။
ဆီးဂိမ်း Kun Khmer ပြိုင်ပွဲတွင် ကီလိုတန်း ၁၉ တန်း ထည့်သွင်းကျင်းပခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကစားသမားများသာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။ အိမ်ရှင်ကမ္ဘောဒီးယား အသင်းက ရွှေ ၁၄ ခု၊ ငွေသုံးခု၊ ကြေးသုံးခုဖြင့် နိုင်ငံအလိုက် ပထမနေရာရခဲ့ပြီး ဗီယက်နမ်အသင်းက ရွှေ ငါးခု၊ ငွေ ရှစ်ခု၊ ကြေး လေးခု ရရှိခဲ့သည်။