(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိ

ရန်ကုန်  မေ  ၁၁

မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစား အဖွဲ့သည်   ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့်  ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ   ဥက္ကဋ္ဌများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌    သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသည့်    မြန်မာအားကစားအဖွဲ့တွင်   (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ   အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့   ခေါင်းဆောင် အားကစားနှင့်    ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးထွန်းမြင့်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ ၁၆ ဦး၊  ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၇ ခု ရရှိသည့် ဗိုဗီနမ်အားကစားအဖွဲ့၊ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခုရရှိသည့် ခြင်းလုံးအားကစားအဖွဲ့၊ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၆ ခု ရရှိသည့် ဗိုဗီနမ်(ဘိုကာတာ) အားကစားအဖွဲ့၊   ရွှေတံဆိပ် ၁ ခုရရှိသည့် ပီတန်း အားကစားအဖွဲ့၊ ငွေတံဆိပ် ၁ ခု၊   ကြေးတံဆိပ် ၁ ခုရရှိသည့်    ရိုးရာလက်ဝှေ့အားကစားအဖွဲ့၊ ကြေးတံဆိပ် ၂ ခုရရှိသည့် စစ်တုရင်အားကစားအဖွဲ့၊ ပြေးခုန်ပစ် အားကစားအဖွဲ့၊ ဘော်လီဘောအမျိုးသားအသင်း၊  ကြက်တောင်၊  ပိုက်ကျော်ခြင်း၊ လက်ဝှေ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများ၊ပြိုင်ပွဲဝင် အားကစားသမားများ   စုစုပေါင်း၁၅၈ ဦးတို့ ပြန်လည်လိုက်ပါလာကြသည်။

မြန်မာအားကစားအဖွဲ့သည် မေ ၁၁ ရက် နံနက်ပိုင်းအထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၃ ခု၊ ကြေးတံဆိပ် ၃၇ ခု စုစုပေါင်း ဆုတံဆိပ် ၆၄ ခုရရှိနေပြီဖြစ်သည့်အတွက် ယခင်နှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရရှိသည့် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခုထက် သာလွန်နေပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိနေသည့် မြန်မာအားကစားအဖွဲ့များ ဆက်လက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်၊၊