နေပြည်တော်၊ နိုဝင်ဘာာ - ၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူများ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် မြင်းခြံမြို့ရှိ နယ်မြေခံတပ်ရင်း၌အခြေပြု၍ ဒေသခံပြည်သူ ၈၂ ဦးကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အတွင်းတိမ် ခွဲစိတ်ကုသမှု ၈ ဦး၊ အသေးစားမျက်စိခွဲစိတ်လူနာ ၁ ဦး၊ စုစုပေါင်း မျက်စိခွဲစိတ်ကုသလူနာ ၉ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေးသည်။ ထို့ပြင် ဆေးကုသမှုလာရောက်ခံယူသည့် ပြည်သူများအား နယ်မြေခံတပ်မတော်သားများက နေ့လယ်စာထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။