ဘေးကင်းရန်ကင်းအန္တရာယ်ကင်း ကြိုတင်ပြင်ဆင်ခြင်း
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ မေ ၁၃ ရက်)
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင် ရောက်နိုင်သည့် အခြေအနေရှိနေသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲ ခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့်လည်း အစစအရာရာ အသင့်စုဖွဲ့ ထားရှိပြီးဖြစ်သည်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မုန်တိုင်းဝင်ရောက် မလာမီ ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့စည်းလုံးညီညွတ်စွာ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အအုံ (Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေ လုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏အရှိန်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီး နိုင်ကြောင်းကို အသိပေးထားသည်။ ယနေ့မှ မေလ ၁၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့်ဖြစ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ခါ လှိုင်းကြီးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ကြရန်ဖြစ်သည်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၂ ရက်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါအဖြစ်သို့ ရောက်ရှိပြီး မေ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အသက်ကို ဉာဏ်စောင့်ဆိုသည့်အတိုင်း မိမိတို့၏အသိ၊ သတိအစဉ်ထားရှိကာ မုန်တိုင်းနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာပြီး အရေးပေါ်အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ပါသည်။
သဘာဝဘေးကြိုတင် ကာကွယ်ပေးဆိုသည့်အတိုင်း ကြိုတင်ပြင်ဆင်မှုသည် လူနေမှုဘဝအတွက် မဖြစ်မနေ အရေးပါလှသည်။ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မိမိနေအိမ်ခိုင်ခံ့မှုကို စစ်ဆေးခြင်း၊ မိမိနေအိမ် ပတ်ဝန်းကျင်ရှိ လျှပ်စစ်သွယ်တန်း ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းထားခြင်းများကို ကြိုတင်လုပ်ဆောင်ထားရပါမည်။ မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန် လိုအပ်ပါသည်။ ထိုသို့ခိုလှုံရာတွင် မိမိတို့အတွက် အရေးကြီး စာရွက်စာတမ်းများဖြစ်သည့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များကို ကိုယ်နှင့်မကွာ ရှိနေရမည်ဖြစ်သည်။
မိသားစုတိုင်းတွင် လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များနှင့် လက်ကိုင်ဖုန်းများကို ကိုယ်နှင့်မကွာ ယူဆောင်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ် သောက မဖြစ်စေရအောင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကြိုတင်ပြင်ဆင် ပေးထားပြီးဖြစ်ပေရာ ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ်ကင်း ကြိုတင်ပြင်ဆင်ခြင်းဖြင့် မုန်တိုင်းကို အနိုင်ယူကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။