တမ္ပဒီပမှသည် ဓညဝတီသို့
ယမန်နေ့မှအဆက်
လူတွေ စည်စည်ကားကား မြင်လိုက်ရ၏။ ဥသျှစ်ပင်သည် တစ်ခေါက်ထက်တစ်ခေါက် ပိုပြီးဖွံ့ဖြိုးလာနေ၏။ တည်းခိုခန်းအသစ်၊ ဘဏ်အသစ်၊ စတိုးဆိုင်အသစ်၊ စက်သုံးဆီဆိုင်အသစ်၊ အဆောက်အအုံအသစ်တွေ တိုးပွားလာသလို လူတွေလည်း ပိုများလာသည်။
စက်မှုနယ်မြေဖြစ်ခြင်း၊ လမ်းဆုံကျခြင်း၊ မြို့ဝန်းကျင်ရှိ လယ်ယာကိုင်းကျွန်းများက သီးနှံမျိုးစုံထွက်ခြင်း စသည့် အချက်တွေက ဥသျှစ်ပင်ကို ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် တွန်းပို့လိုက်ခြင်းဖြစ်ပေမည်။ ကျွန်တော်တို့ ဥသျှစ်ပင်မြို့ထဲတွင် မနားကြတော့။ တည်းခိုမည့် စီမံကိန်းကြားစခန်းသို့ တောက်လျှောက်မောင်းခဲ့ကြသည်။ ပုသိမ်-မုံရွာ ကားလမ်းဆုံသို့ရောက်သော် ဘယ်ဘက်သို့ ချိုးကွေ့ခဲ့တော့၏။
အခန်း(၄)
လမ်းဆုံနှင့် စီမံကိန်းကြားစခန်းက ၂ မိုင်ခွဲခန့် ဝေးသည်။
သိမ်မကြာခင်မှာပင် လမ်း၏ညာဘက်ခြမ်း၌ ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံကြီးကို တွေ့ရသည်။ ဤနေရာ၌ ၂၃၀ ကေဗွီအေ ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံကို တည်ဆောက်ထားရသည့် ရည်ရွယ်ချက်ကို ဆရာဦးစန်းဝေကို မေးကြည့်မိသည်။ ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံသည် ရွှေတောင် Gas Turbine ဓာတ်အားပေးစက်ရုံမှလာသော ဓာတ်အားကို လက်ခံရယူကာ အနီးအနားရှိ နိုင်ငံပိုင်စက်ရုံများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခြင်းအပြင် တောင်ကုတ်(ဘာယေ) ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ခြင်းပါ ဆောင်ရွက်ပေးသည်။
ပင်မဓာတ်အားခွဲရုံကို လွန်သည်နှင့် ကျောက်ဖူးချောင်းတံတားကို ဖြတ်ကျော်ရသည်။ တံတားကျော်ပြီး ကြံခင်း-ပခုက္ကူ မီးရထား သံလမ်းကို တွေ့ရသည်။
ခဏအကြာ ဘယ်ဘက်ခြမ်းရှိ သစ်ပင်အုပ်အုပ်နှင့် တောင်ကုန်းငယ်လေးတစ်ခုရှိရာသို့ ကားကို ကွေ့ဝင်လိုက်သည်နှင့် ယနေ့ည ခရီးဆုံး ပန်းတိုင်ဖြစ်သော ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ဥသျှစ်ပင်ကြားစခန်းတည်း။
စခန်းမြောက်ဘက် ခြံစည်းရိုးနှင့်ကပ်လျက် ကျောက်ခင်းလမ်းလေးအတိုင်း တည့်တည့်မောင်းဝင်ခဲ့ပြီး ညာဘက်သို့ ကွေ့တက်လိုက်၏။ အတက်ဆုံးသည်နှင့် အဆောက်အအုံလေးတွေ ဘွားခနဲပေါ်လာသည်။
ထိုအဆောက်အအုံများထဲက ညာဘက်အစွန် ရှေ့ဆုံးတန်းအဆောက်အအုံသည် ဧည့်ရိပ်သာဖြစ်၏။
မောင်သော်ဇင်က ကားကို ရိပ်သာ ဆင်ဝင်အောက်သို့ မောင်းဝင်ရပ်တန့်လိုက်သည်။ စခန်းက ဤနေရာတစ်ဝိုက်၌ အမြင့်ဆုံးဖြစ်ရာ ဝန်းကျင်တစ်ခွင်ကို အပေါ်စီးမှ မြင်နေရ၏။ ရွှန်းမြမြလရောင်အောက်တွင် ရိုးမနှင့်ဧရာဝတီကြား သစ်တောစပ်စပ် လယ်ကွင်းပြန့်ပြန့်ကို မြင်ရသည်မှာ ကြည်နူးစရာကောင်းတော့သည်။
ပစ္စည်းတွေကို ကြားစခန်းတွင် အမြဲနေသည့် ဝန်ထမ်းမိသားစုက ဝိုင်းကူချပေးကြသည်။
အမှတ်(၄)တည်ဆောက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းအေးချိုသည် ရိပ်သာတွင် ရောက်ရှိစောင့်ကြိုနေ၏။ သူက အမှတ်(၄)တည်ဆောက်ရေးမှ ဆောင်ရွက်နေသော သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းကို သွားရောက်မည့် ကျွန်တော်တို့အဖွဲ့ကို လာရောက်ကြိုဆိုခြင်းဖြစ်ပြီး ခုမနက်မှ သံတွဲက ထွက်လာခြင်းဖြစ်၏။ ဦးလှထွန်းအေးချိုက တည်ဆောက်ရေး(၂)မှ ပြောင်းလာသည်မှာ မကြာသေး။ ကျွန်တော်နှင့် ဆရာဦးစန်းဝေတို့ ပူတာအိုသွားခဲ့ကြစဉ်က တံတားဦးလေဆိပ်အထိ လိုက်ပို့ခဲ့သေးသည်။ သူ့ဖခင်မှာ တပ်မတော်သားဖြစ်၏။ ငယ်စဉ်က ဗထူးတပ်ကြပ်သင်ကျောင်းတွင် နေထိုင်ခဲ့သည်။ ပြေးခုန်ပစ်အားကစားသမား တစ်ဦးဖြစ်ခဲ့ပြီး တပ်မတော် ကြည်း၊ ရေ၊လေ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ကျွန်တော့်ထက် အသက်သုံးလေးနှစ်လောက် ကြီးမည်။ သို့သော် ကျန်းမာရေး ကောင်းမွန်ပြီး သွက်လက်ဖျတ်လတ်သည်။
“ကဲ ဆရာဖျင်...ရေမိုးချိုး၊ ခဏနေရင် ထမင်းစားရအောင်၊ ဒီည အေးအေးဆေးဆေးပေါ့”
ဦးလှထွန်းအေးချိုက ကျွန်တော်အိပ်မည့် အခန်းကို ပြသရင်းပြောသည်။
ရိပ်သာက A-Type ရိပ်သာဖြစ်ပြီး အိပ်ခန်းသုံးခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် မီးဖိုဆောင်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဆရာဦးစန်းဝေကအခန်း(၁)၊ ကျွန်တော်က အခန်းနံပါတ်(၃)တွင် နေရာရသည်။ အခန်း(၁)သည် ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အရာရှိကြီးများအတွက် သီးခြားထားရှိသော အခန်းဖြစ်ပုံရသည်။ အခန်း(၁)က ကျန်နှစ်ခန်းထက်ပိုကျယ်ပြီး နှစ်ယောက်အိပ်ခုတင်ကြီးတစ်လုံးသာ ထားရှိသည်။ ကျန်နှစ်ခန်းတွင် တစ်ယောက်အိပ် ခုတင်နှစ်လုံးစီထားရှိကာ ဧည့်သည် နှစ်ယောက်အိပ်ရသည်။ ကျွန်တော်က ဝင်ပေါက်နှင့်ကပ်လျက် ခုတင်တွင် နေရာယူလိုက်သည်။ သည်ည အခန်းထဲတွင် ကျွန်တော်တစ်ယောက်တည်း။ အိပ်ခန်းများထဲတွင် ဧည့်သည်အနေဖြင့် ဟိုတယ်တွင် တည်းခိုရဘိသကဲ့သို့ မိမိကိုယ်ပိုင်အဝတ်အစားက လွဲ၍ ဘာမှယူလာစရာမလိုအောင် စီစဉ်ထားရှိသည်။ ဟိုတယ်ထက်သာသော အချက်မှာ မဟာဖြေဆေး၊ အိုရာမင်းဂျီ၊ အဲယားအိပ်က်စ်၊ ဒီကိုဂျင် စသည့် အရေးပေါ်ဆေးဝါးများကိုပင် ပလတ်စတစ်ခြင်းလေးထဲ ထည့်ကာ စားပွဲပေါ်တွင် တင်ထားပေးသည်။ ကျွန်တော်ကတော့ ခရီးထွက်တိုင်း ကိုယ်သုံးနေကျ ခေါင်းလိမ်းဆီ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်ကြီး စသည်တို့ အမြဲယူလေ့ရှိသည်မို့ ရိပ်သာပစ္စည်းများကို သိပ်မသုံးဖြစ်ပါ။
ဥသျှစ်ပင်ကြားစခန်းက အမှတ်(၄)တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက်တွင်ရှိသည်။
အမှတ်(၄)တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံးကို မကွေးမြို့ ကမ်းနားလမ်းတွင် ဖွင့်လှစ်ထားရှိပြီး စီမံကိန်းလုပ်ငန်းခွင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်း၌ တည်ရှိပေရာ စီမံကိန်းအတွက် ပစ္စည်းများ ကုန်းလမ်းမှ သယ်ယူရပါက အထောက်အကူပြုနိုင်ရန် ဤနေရာတွင် စခန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ရေအားလျှပ်စစ် စီမံကိန်းများအတွက် လိုအပ်သော ဘိလပ်မြေကို ကြံခင်းဘိလပ်မြေစက်ရုံမှ ထုတ်ယူခဲ့ရစဉ်က ဤကြားစခန်းမှာ များစွာအရေးပါခဲ့ပါသည်။
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်က ရေအားလျှပ်စစ်စီမံကိန်း တစ်ဒါဇင်ခန့်ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ ထိုစဉ်က တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံး ခုနစ်ရုံးအထိရှိခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။