ထိုင်းအသင်းကိုအနိုင်ယူပြီး မြန်မာအမျိုးသမီး ဘောလုံးအသင်း ဆီးဂိမ်းဗိုလ်လုပွဲတက်
ရန်ကုန် မေ ၁၂
(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း ဗိုလ်လုပွဲ တက်ရောက်သွားသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၄ ဂိုး ၂ ဂိုး၊ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းက အိမ်ရှင်ကမ္ဘောဒီးယား အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အံ့ဖွယ်စွမ်းဆောင်မှုနှင့်အတူ နှစ်ဂိုးအရှုံးမှ လေးဂိုးပြန်သွင်းကာ နာမည်ကြီး ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ မြန်မာအမျိုးသမီး အသင်းသည် ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ၂၀၀၅ ခုနှစ်က ဗိုလ်လုပွဲ နောက်ဆုံး တက်ရောက်နိုင်ခဲ့ပြီးနောက် ယခုနှစ်မှသာ တစ်ကျော့ပြန်တက်ရောက်လာခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်နိုင်ခြင်းလည်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မျိုးမြမြငြိမ်း(ဂိုး)၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ မေသက်မွန်မြင့်၊ ရူပါခိုင်၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်တို့ဖြင့်ပွဲထွက်ခဲ့သည်။ ၁၁ မိနစ်တွင် ပါနာဂန်၊ ၁၈ မိနစ်တွင် အိုရာပင်က ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူခဲ့သည်။ နှစ်ဂိုးပေးလိုက်ရသော်လည်း မြန်မာအသင်း ကစားကွက်ပျက်မသွားဘဲ ချေပဂိုးရရှိရန်ကြိုးပမ်းလာရာ ၄၃ မိနစ်တွင် ရူပါခိုင်က ပထမချေပဂိုး ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက ချေပဂိုးရရန် ဆက်တိုက်ကြိုးပမ်းလာရာ ၄၈ မိနစ်တွင် ရူပါခိုင်၏ပေးပို့မှုမှ ဝင်းသိင်္ဂီထွန်းက ဒုတိယချေပဂိုး ပြန်သွင်းခဲ့သည်။
သရေကျသွား၍ မြန်မာအသင်း စိတ်ဓာတ်တက်လာပြီး ၅၃ မိနစ်တွင် ခင်မာလာထွန်း၏ ဖန်တီးပေးမှုကို စန်းသော်သော်က အသုံးချကာ အနိုင်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း မြန်မာအသင်း ခံစစ်အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ၉၀+၂ မိနစ်တွင် မြတ်နိုးခင်က အနိုင်သေချာစေမည့် စတုတ္ထဂိုး သွင်းယူခဲ့သည်။
မေ ၁၅ ရက်တွင် တတိယနေရာလုပွဲအဖြစ် ထိုင်းအသင်းနှင့် ကမ္ဘောဒီးယားအသင်း၊ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။