အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်)
ဝမ်းမြောက်နုမော် ကုသိုလ်တော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပပုံများကို ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့ည ရုပ်မြင်သံကြားသတင်းများတွင် တွေ့မြင်လိုက်ရသည်။ မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည့်အတွက် ဗုဒ္ဓသာသနာတော်ဆိုင်ရာ လှူဒါန်းမှုပြုခြင်းများကိုကြည့်ကာ ပြည်သူများကလည်း ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာဝင်မှန်သမျှသည် မည်သူ၏တိုက်တွန်းချက်မှမပါဘဲ အမျှပေးဝေသံကြားသည်နှင့် သာဓုခေါ်ဆိုကြပါသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့်ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ပထမဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ အခမ်းအနားတက်ရောက်လာကြသူများက သီတဂူ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များ ကိုနာယူကြည်ညိုကြသည်။ ထို့နောက်ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်း ကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာ စိန်ဖူးတော်၊ ဌာပနာတော်တို့ကို သံဃာတော်များထံ ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝစီပိတ်ဆရာတော်ကြီးထံသို့ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ပါသည်။ သီတဂူဆရာတော်ကြီးထံမှ အနုမောဒနာ တရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ခဲ့သည့် ဗိသုကာအင်ဂျင်နီယာပညာရှင်များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် ရွှေထီးတော်ဘုံအဆင့် ဆင့်တို့ကို မင်္ဂလာဝေါယာဉ်တော် ဖြင့်ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအားလက်ယာရစ်လှည့်လည်ပူဇော်ကာ ကုသိုလ်တော် မဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ပို့ဆောင်ကြသည်။ ဆရာတော်ကြီးများနှင့် ဘုရားဒါယကာများက အထက် ဌာပနာတော်တိုက်သို့ ကြွရောက်တော်မူကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုတို့က မင်္ဂလာအချိန်တွင် မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက်ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲ ကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ ဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပမှဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဦးစွာ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသနှင့် အနီးဝန်းကျင်မှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်းပြည်ပမှ ဘုရားဖူးများအနေဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း ၌ပင် ဖူးမြော်နိုင်စေရန်ရည်ရွယ်၍ ယခုစေတီတော်ကြီးအား ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင်ဦးဆောင် ပဓာနကမကထပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် စေတနာရှင်၊ အလှူရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ခဲ့ခြင်းမှာ ကောင်းမွန်မြင့်မြတ်သော အလှူတော်တစ်ခု ပြီးမြောက်ခြင်း ဖြစ်ပါကြောင်း ရေးသားဂုဏ်ပြုပူဇော်အပ်ပါသည်။ ။