ရေကြီးမှုမတိုင်မီ၊ အတောအတွင်းနဲ့ ပြီးနောက် လုပ်ဆောင်ရမယ့်အရာများ
မိတ်ဆွေ သင်ကကုန်းမြင့်ဒေသပေါ်မှာ နေထိုင်နေတာကြောင့် ရေကြီးမှုဘေးကနေ လွတ်ကင်းပြီလို့ ယူဆလိုက်တော့မှာလား။
ဒါဆိုရင်တော့ မိတ်ဆွေရဲ့ယူဆချက်မှားယွင်းသွားပါလိမ့်မယ်။
ဒီလိုမယူဆခင် အချက်တစ်ချက်ကိုတော့ မမေ့မလျော့သတိရလိုက်ပါ။ အဲဒါကတော့ မိုးရွာသွန်းတဲ့နေရာတိုင်းမှာ ရေကြီးမှုဖြစ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
အရင်တုန်းက ကိုယ့်နေရာမှာရေကြီးတာ ကိုမမြင်မတွေ့မကြုံဖူးတာဟာ အဲဒီနေရာ က နောင်ဘယ်တော့မှ ရေမကြီးတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်တုံးကမှ ရေမကြီးဘူးလို့ ထင်ထားတဲ့ နေရာကလည်း တစ်ချိန်ချိန်မှာ ရေကြီးလာနိုင်ပါတယ်။
ရေကြီးနိုင်တဲ့ အန္တရာယ်ဆိုတာက အတိတ်ရာဇဝင်သမိုင်းကြောင်းအပေါ် အခြေမခံပါဘူး။ ရေကြီးမှု အန္တရာယ်အတွက် သတ်မှတ်ထားတဲ့ အခြေခံအကြောင်းရင်းများစွာ ရှိပါတယ်။
အဲဒီအခြေခံအကြောင်းရင်းများစွာအနက် တချို့ကတော့ မိုးရွာသွန်းမှုအခြေအနေ၊ မြေမျက်နှာပြင်အခြေအနေ၊ ရေကြီး မှုထိန်းချုပ်ရေး လုပ်ဆောင်ချက်များ၊ ဆောက်လုပ်ရေး လုပ်ငန်းအသစ်များကြောင့် မြစ်ရေစီးဆင်းမှုနှင့်မြစ်ကြောင်း ပြောင်းလဲမှုအခြေအနေတို့ ဖြစ်ပါတယ်။
အခုဆိုရင် မုတ်သုံရာသီဟာ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ အစရှိတဲ့နိုင်ငံတချို့ဆီကို တဖြည်းဖြည်း ဝင်ရောက်လာပါပြီ။
ဒီအချိန်မှာ မုန်တိုင်းတိုက်ခတ်မှုတွေလည်း ရှိလာမယ်။ မိုးရွာသွန်းမှုကလည်း သာမန်ထက်များပြားမယ်။ မိုးရေချိန်က လည်းများမယ်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာ ရေတွေပြည့်ပြီး ရေကြီးမှုတွေဖြစ်ပေါ်မယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့အတူ မြေပြိုမှုတွေကလည်း တစ်ဆက်တည်း ဖြစ်ပေါ်လာနိုင်ပါသေးတယ်။
ဒါကြောင့် ရေကြီးမှုမဖြစ်ခင် ဘယ်လိုမျိုးကြိုတင်ကာကွယ်ထိန်းချုပ်မှုတွေလုပ်ရမယ်။ ရေကြီးမှုဖြစ်နေစဉ်မှာရော ဘယ်လိုမျိုးရှင်သန်နေထိုင်ရမယ်။ ရေကြီးမှုပြီးသွားရင်ရော ဘာတွေကိုမဖြစ်မနေလုပ်ဆောင်သင့်တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဒီဆောင်းပါးလေးကနေ တင်ပြသွားပါမယ်ခင်ဗျာ။
ရေကြီးမှုမဖြစ်ခင်
ကိုယ်နေထိုင်တဲ့နေရာက ရေကြီးမှုဖြစ်လေ့ဖြစ်ထရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်းပဲ ရေကြီးမှုမဖြစ်ခင်မှာ ကြိုတင်ကာကွယ်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခြင်းကသာ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။
လူတချို့က ဒီနေရာမှာ ငါတို့က ငယ်ငယ်လေးကတည်းက နေလာတာ။ တစ်ခါမှ ရေမကြီးဖူးဘူး၊ ငါတို့က တောင် ပေါ်မှာနေနေတာ။ ဘယ်လိုလုပ်ရေကြီးမှာလဲ စတဲ့ စကားတွေနဲ့ ရေကြီးမှုအန္တရာယ်ကို လျစ်လျူရှုလေ့ရှိပါတယ်။
ဒါဟာ သိပ်ကိုမှားယွင်းတဲ့တစ်ယူသန်စွဲမှုတစ်ခုဖြစ်သလို ပြင်ဆင်လို့မရနိုင်တဲ့ အမှားကြီးတစ်ခုအထိပင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရေကြီးမှုမဖြစ်ခင်မှာ ကြိုတင်ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါမှ တန်ကာကျပါလိမ့်မယ်။
ရေကြီးမှုမဖြစ်ခင်မှာ ကြိုတင်ပြင်ဆင်ထားသင့်တာတွေကတော့ အရေးပေါ်ပစ္စည်းများကို အထုပ်ထုပ်ထားပါ။ အရေးပေါ်ပစ္စည်းဆိုတဲ့နေရာမှာ ကိုယ့်အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းများသာဖြစ်ပါတယ်။
ရေကြီးမှုကြောင့် မိသားစုတွေတကွဲတပြား ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်လိုမျိုးအတူ နေထိုင်ကြမယ်ဆိုတာရယ်၊ တကယ်လို့များ တကွဲတပြားစီဖြစ်သွားရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမျိုးဆက်သွယ်ကြမယ်ဆိုတာရယ်ကို ကြိုတင်စီစဉ်ထားရပါမယ်။
ကိုယ်က ကိုယ့်အိမ်ကို ခြေတံရှည်ဆောက်ထားတာမျိုး၊ သဲအိတ်တွေနဲ့ ကာရံထားတာမျိုး၊ တောင့်တင်း ခိုင်မာအောင် ဆောက်ထားတာမျိုး မဟုတ်ဘူးဆိုရင် ရေမကြီးခင် အဲဒီအိမ်ကနေ ဘေးလွတ်ရာကို ရှောင်တိမ်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်အိမ်က မကြာခဏရေကြီးမှု ဖြစ်လေ့ရှိတဲ့ နေရာမှာရှိတယ်ဆိုရင် မီးဖိုတို့၊ ရေပူစက်တို့၊ လျှပ်စစ်ဘုတ်ခုံတို့ကို အမြင့်တစ်နေရာမှာ ထားထားပါ။
ဖြစ်နိုင်ပါက ကိုယ်နေတဲ့အဆောက် အအုံအတွင်း ရေဝင်ရောက်မှုမရှိရလေအောင် အတားအဆီးများ တည်ဆောက်ပြီး မြေအောက်ထပ်ရှိနံရံများကိုလည်း ရေစိမ့်ဝင်မှုမရှိအောင် သေချာစနစ်တကျ လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။
ရေကြီးစဉ်အတောအတွင်း
ရေကြီးမှုမဖြစ်ခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီးပြီဆိုရင် ကိုယ့်အသက် အန္တရာယ်အတွက် တော်တော်လေးတော့ စိတ်ချလို့ရပါပြီ။
စိတ်ချလို့ရပြီဆိုသော်ငြားလည်း ရေကြီးမှုနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရချိန်မှာ လူတွေဆီမှာ ကြောက်စိတ်က လွှမ်းမိုးလာတတ်လေ့ရှိပါတယ်။
ဒါကြောင့် ရေကြီးမှုနဲ့ရင်ဆိုင်နေရစဉ် အတောအတွင်းမှာ ဘာတွေလုပ်ဆောင်ရမယ်၊ ဘာတွေလုပ်ဆောင်သင့် တယ်ဆိုတာကိုလည်း ကြိုတင်သိရှိထားဖို့လိုမှာဖြစ်ပါတယ်။
ရေကြီးမှုနဲ့ရင်ဆိုင်ရပြီဆိုတာနဲ့ ရုပ်မြင်သံကြား ဒါမှမဟုတ် ရေဒီယိုကနေ တာဝန်ရှိသူများရဲ့ ရေကြီးမှုနဲ့ပတ်သက်တဲ့သတင်းတွေ ထုတ်လွှင့်မှုကို အဆက်မပြတ်နားထောင်နေပါ။
ဒီလိုနားထောင်နေခြင်းအားဖြင့် ကိုယ့်နေရာဒေသကို ရေကြီးမှုကဒီထက်ပိုပြီးဆိုးလာဦးမှာလား၊ ရေကကျသွားတော့ မှာလားဆိုတဲ့ သတင်းအချက်အလက်တွေကို သိရှိနိုင်ပါလိမ့်မယ်။
ကိုယ်နေတဲ့နေရာမှာ ရုတ်တရက်ရေကြီးမှုက အချိန်မရွေးဖြစ်သွားနိုင်တယ် ဆိုတာကို အမြဲတမ်းသတိပြုပါ။ တကယ် လို့များ ရုတ်တရက်ရေကြီးမှုဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုသိတာနဲ့တစ်ပြိုင်နက် ကုန်းမြင့်နေရာပေါ်ကို ချက်ချင်းပြောင်း ရွှေ့နေထိုင်ပါ။ ဘယ်သူ့အမိန့်၊ ဘယ်သူ့ညွှန်ကြားချက်ကိုမှ စောင့်မနေပါနဲ့။
ချောင်းတွေ၊ ရေနုတ်မြောင်းတွေ၊ ချိုင့်ဝှမ်းလိုနေရာမျိုးတွေမှာ ရုတ်တရက်ရေကြီးမှုဖြစ်လေ့ရှိတယ်ဆိုတာကို သတိ ထားပါ။ အဲဒီလိုနေရာတွေမှာ မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ မရှိပေမယ့်လည်း ရုတ်တရက်ရေကြီးမှု ဖြစ်နိုင်ခြေများပါတယ်။
ရေကြီးတဲ့အချိန် ကိုယ့်အိမ်ကိုစွန့်ခွာရတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ မဖြစ်မနေ လုပ်ဆောင်သင့်တာတွေ ရှိပါတယ်။
ကိုယ့်ရဲ့နေအိမ်ကို လုံခြုံစွာသော့ခတ်ပါ။ အချိန်ရသေးတယ်ဆိုရင်တော့ အိမ်အပြင်မှာရှိတဲ့ ပရိဘောဂပစ္စည်းတွေကို အိမ်ထဲ ရွှေ့ခဲ့ပါ။ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို အိမ်အပေါ်ထပ်ရှိရင် အိမ်အပေါ်ထပ်၊ အိမ်အပေါ်ထပ်မရှိရင် အမြင့်တစ်နေရာမှာ ထားခဲ့ပါ။
အထူးသဖြင့် လျှပ်စစ်အန္တရာယ်ကို သတိထားရပါမယ်။ အကောင်းဆုံးကတော့ အိမ်မှာရှိတဲ့ မိန်းခလုတ်ကို ချထားပါ။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ပိတ်ထားပါ။ ကိုယ်ကရေစိုနေတယ်ဆိုရင် ဒါမှမဟုတ် ရေထဲမှာ မတ်တတ်ရပ်နေရတယ် ဆိုရင် လျှပ်စစ်ပစ္စည်းတွေကို မထိမိပါစေနဲ့။
ရေကြီးမှုပြီးနောက်
ရေကြီးစဉ်အတောအတွင်း ကိုယ့်အိမ်ကလည်း ရေတက်ခံရတဲ့အထဲပါတယ်။ ပြီးနောက် ရေတွေပြန်ကျသွားပြီ ဆိုပေမယ့်လည်း တခြားသောအန္တရာယ်တွေ ရှိနိုင်ပါသေးတယ်။
ဒါကြောင့် ရေစီးနေတဲ့နေရာတွေကိုရှောင်ပါ။ ရေကြီးမှုကြောင့် ပျက်စီးမှုဖြစ်နေတဲ့ နေရာတွေမှာမနေပါနဲ့။ တကယ်လို့ သွားချင်လာချင်တယ်ဆိုရင်လည်း ရဲတပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ အကူအညီ နဲ့သာ သွားပါ။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရေကြီးတဲ့နေရာမှာရှိနေတဲ့သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင် ရွက်မှာဖြစ်ပါတယ်။ ဒီအချိန်မှာကိုယ်က သူတို့ရဲ့လမ်းကိုသွားပြီး ပိတ်မနေခြင်းအားဖြင့် သူတို့ကိုကူညီရာရောက်ပါတယ်။
ကိုယ့်နေရာမှာ ရေကျသွားပေမယ့်လည်း ရုတ်တရက်ရေကြီးတာမျိုး၊ နောက်ထပ်ရေကြီးတာမျိုး ဖြစ်လာနိုင်သေးတာကို သတိပြုပါ။ ဒါကြောင့် တာဝန်ရှိသူများရဲ့ သတိပေးချက်များကို နားထောင်ပြီး လိုက်နာပါ။
အကယ်၍များ ကိုယ့်နေရာမှာရေကျသွားလို့ ကားနဲ့ပြန်လာတဲ့အချိန် ရုတ်တရက်ရေတက်မှုနဲ့ ရင်ဆိုင်ရတယ်ဆိုရင် ကားထဲကနေချက်ချင်းထွက်ပြီး ကုန်းမြင့်တစ်နေရာကို အမြန်ဆုံးသွားရပါမယ်။
တာဝန်ရှိသူများက ဘေးကင်းစိတ်ချရပြီဖြစ်ကြောင်း အသိပေးနှိုးဆော်မှသာ ကိုယ့်အိမ်ကိုယ့်နေရာကို ပြန်သွားရပါမယ်။ လမ်းမှာ အတားအဆီးတွေရှိနေသေးတယ်ဆိုရင် ဖြတ်မသွားပါနဲ့။ တခြားလမ်းကသွားပါ။ အဲဒီအတားအဆီးများက သင့်ကိုဘေးမဖြစ်စေဖို့အတွက် ကာရံပေးထားတာဖြစ်ပါတယ်။
ရေကျသွားတဲ့နေရာတွေကို သတိထားပါ။ အဲဒီနေရာမှာရှိတဲ့လမ်းတွေက မြေသားပျော့ပြီး ကားတစ်စီးရဲ့အလေးချိန်ကို ခံနိုင်မှာ မဟုတ်ပါဘူး။
အဆောက်အအုံတွေထဲပြန်ဝင်တဲ့အခါမှာတော့ သတိကြီးစွာထားရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ရုတ်တရက်ကိုယ်မမြင် နိုင်တဲ့ အပျက်အစီးအပိုင်းအစတွေ ရှိနေနိုင်လို့ပါ။
ကျန်းမာအောင်နေပါ
ရေကြီးမှုဟာ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာဖိစီးမှုကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်သာမက ကိုယ့်မိသားစုဝင်များ ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ဂရုပြုစောင့်ရှောက်ဖို့လိုသလို တစ်ဖက်မှာလည်း သန့်ရှင်းရေးနဲ့ပြန်လည်ပြင်ဆင်ရေးကို လုပ်ဆောင်ရပါလိမ့်မယ်။
အတတ်နိုင်ဆုံး တက်လာတဲ့ရေတွေနဲ့ ဝေးရာမှာနေပါ။ အဲဒီရေတွေဟာ အညစ် အကြေးတွေနဲ့ ပြည့်နေတတ်ပါတယ်။ မိလ္လာစနစ်ပျက်စီးသွားတယ်ဆိုရင် အဲဒါကိုအရင်ဆုံးပြုပြင်ပါ။ အဲဒီစနစ်ကို အရင်မပြုပြင်ရင် ကိုယ်အပါအဝင် ကိုယ့်မိသားစုဝင်တွေ ဆေးရုံအရင်တက်ရပါလိမ့်မယ်။
သောက်ရေအတွက်ဆိုရင် ယခင်ကတည်းက ကြိုတင်စုဆောင်းထားတာရှိတယ်ဆိုရင်၊ အဲဒီရေကလည်း ဘယ်လို အညစ်အကြေးနဲ့မှထိတွေ့ထားခြင်းမရှိဘူးဆိုရင် အသုံးပြုလို့ရပါတယ်။ ဒါမှမဟုတ်လည်း တာဝန်ရှိသူတွေလမ်းညွှန်တဲ့ သောက်ရေကန်ကရေကို ရယူသုံးစွဲနိုင်ပါတယ်။
ရေကြီးခြင်းကြောင့်စိုသွားတဲ့အရာမှန်သမျှကို သန့်ရှင်းရေးပြုလုပ်ပြီးပိုးသတ်ပါ။
ရေကြီးမှုနဲ့အတူပါလာတဲ့ ရွှံ့ညွန်တွေထဲမှာ မိလ္လာအညစ်အကြေးများနဲ့ ဓာတုပစ္စည်းများ ပါဝင်နေနိုင်ပါတယ်။
မကြာခဏအနားယူပြီး အာဟာရပြည့်ဝစွာ စားသောက်ပါ။ ကိုယ်လုပ်ရမယ့်အလုပ်များကို အချိန်ဇယားသတ် သတ်မှတ်မှတ်ထားပြီး လုပ်ဆောင်ပါ။ လိုအပ်ပါက ကြက်ခြေနီအဖွဲ့နဲ့ ဆက်သွယ်ပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေးအတွက် အကူအညီရယူပါ။
စာချစ်သူများအားလုံးလည်း အခုလိုမုတ်သုံရာသီအတွင်းမှာ သတိဝီရိယရှိစွာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကြောင့် မုန်တိုင်းဘေးအန္တရာယ်၊ ရေကြီးမှုအန္တရာယ် အစရှိတဲ့ ဘေးအန္တရာယ် အမျိုးမျိုးကနေ ကောင်းစွာ ကျော်လွှားနိုင်ကြပါစေ။ ။
Ref: CI.Patterson