ဆိုင်ကလုန်းမုန်တိုင်း မိုခါကို မြန်မာတို့၏ စုစည်းညီညွတ်မှုဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေကြောင်း .. . .
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်း အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်း ဝင်ရောက်နေပြီဖြစ်သဖြင့် သဘာဝဘေးအန္တရာယ် အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင် စုဖွဲ့ထားရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ တံတားဦးမြို့နယ်တို့တွင် လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဂွမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မာန်အောင်မြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်တို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ရေကြည်မြို့နယ်၊ လပွတ္တာမြို့နယ်၊ သာပေါင်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တို့တွင် လည်းကောင်း နယ်မြေခံ တပ်မတော်သားများ၊ ပြည်ထဲရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင် /ဝန်ထမ်းများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ် အသီးသီးတို့တွင် ပြည်သူများအား အသိပေး နှိုးဆော်ခြင်းများ၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ် ကျရောက်နိုင်သော နေရာများမှ ပြည်သူများအား ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းကြောင့် သစ်ပင်များ လဲကျ၍ လမ်းပိတ်ဆို့မှု၊ ချောင်းရေကျော်နေမှုကြောင့် သွားလာရေး ခက်ခဲမှု များကို ကူညီဆောင်ရွက်ပေးခြင်းနှင့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်း၊ အရေးပေါ် ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း စသည်ဖြင့် မုန်တိုင်းဘေးအန္တရာယ် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း မုန်တိုင်း အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားနိုင်သော အနိမ့်ပိုင်း ရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေ တစ်လျှောက်ကျေးရွာများမှ ဒေသခံပြည်သူများအား စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက မုန်တိုင်းဒဏ်ခံ ကာကွယ်ရေး အဆောက်အဦ(Cyclone Shelter)များ၊ မူလစီမံသတ်မှတ်ထားသည့် ယာယီခိုလှုံရာစခန်း အသီးသီးတွင် စနစ်တကျ ရွှေ့ပြောင်းနေရာချထားပေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများ ဆောင်ရွက်ပေးကြသည်။
မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါကကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်အရေးပေါ်ပြုစုခြင်း၊အရေးပေါ်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများအား ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ရိက္ခာများ အသင့်စုဖွဲ့ ထားရှိခြင်းများ၊ သောက်သုံးရေ လုံလောက်စွာ ရရှိရန် ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီသည် ဘင်္ဂလား ပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အခြေအနေအရ “ မိုခါ”( MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း သိရှိရချိန်မှစ၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုကို ခံယူကာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်သည့် ဒေသများသို့ ဆေးဝါးများ၊ စားရေရိက္ခာများ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို လေယာဉ်၊ မော်တော်ယာဉ်တို့ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပို့ဆောင်လိုသည့် လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲမှ ကုန်တင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”( MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်လျက်ရှိပါသည်။ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေကြောင်း။
မြန်မာနိုင်ငံ စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်လျက်ရှိသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ကြရန် ထုတ်ပြန်ထားကြောင်း။
ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင် ၉၀ မှ မိုင် ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်း။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါအလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ အရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် နေထိုင်ကြသူများ အနေဖြင့် မုန်တိုင်းဒီရေအန္တရာယ်ကို ကြိုတင်သတိပြု ရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြပါရန်၊ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ လုံး၀ (လုံးဝ)မထွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် သတိပေးနှိုးဆော် ထားကြောင်း သိရသည်။
ယခုဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် တဖြည်းဖြည်း ပိုမိုအားကောင်းလာပြီး အဖျက်အားပြင်းသည့် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ကို အားလုံးအနေဖြင့် သိရှိထားပြီးဖြစ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များ၊ ဆောင်ရွက်ပေးမှုများနှင့်အညီ တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကိုမြန်မာတို့၏စုစည်းညီညွတ်မှု၊ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု၊ ပရဟိတစိတ်ဓာတ် ထက်သန်မှုတို့ဖြင့် ဘေးမသီရန်မခအောင် အောင်မြင်မြင် ကျော်လွှားနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။
မုန်တိုင်း