၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော်၊ မေ - ၁၅

              ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

              ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံရေကြောင်းလူငယ်စခန်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ရေကြောင်း လူငယ်စခန်းနှင့် မွန်ပြည်နယ်၊ မော်လမြိုင်ရေကြောင်းလူငယ်စခန်းတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၆၅ ဦးတို့ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ အသီးသီးရောက်ရှိကြသည်။

                 အဆိုပါ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် သင်တန်းသား၊ သင်တန်းသူများ သည် တပ်မတော်(ရေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ ကွင်းဆင်း လေ့လာခြင်း၊ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်း၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်အတွင်း ခရီးတိုလေ့လာရေးအတွက် လိုက်ပါစီးနင်းခြင်းနှင့် ပြိုင်ပွဲများ ပြုလုပ်ကျင်းပခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

            အလားတူ တပ်မတော်(လေ)က မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်တို့၌ သင်တန်း စခန်း ၁၇ ခုတို့မှ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၈၀ ဦးတို့သည် ယနေ့တွင်  မိတ္ထီလာမြို့ရှိ မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် RC Simulator မောင်းနှင်ခြင်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြသည်။ မေ ၁၆ ရက်တွင် RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။