ဟန်ချက်ညီစွာ ဘက်စုံပူးပေါင်းဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၁၆ ရက်)

ဟန်ချက်ညီစွာ ဘက်စုံပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံအတွင်း   အချိန်အခါအလိုက် ဖြစ်ပေါ်လာနိုင်သည့်  သဘာဝဘေးအန္တရာယ်များကို ကြိုတင် တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် “အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၇၃/၂၀၂၃)ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးထားပါသည်။

အဆိုပါ စီမံခန့်ခွဲမှုကော်မတီအောက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊  နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေး နှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့်  လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဟူ၍  လုပ်ငန်းကော်မတီ(၁၂)ရပ်ကိုဖွဲ့စည်းထားပြီး ကဏ္ဍအလိုက်လုပ်ငန်းများကို ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့်(၂၀၂၂)ခုနှစ်ကို ထုတ်ပြန်ထား ပြီး အရေးပေါ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၊ တပ်မတော်သားများ၊  စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပေါင်းစပ်ညှိနှိုင်း၍ သဘာဝဘေးအန္တရာယ် ကျရောက်လာမည့်အပေါ် ပြင်ဆင်ခြင်း၊ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ဖြစ်ပေါ်မလာအောင် တားဆီး၍မရသော်လည်း ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင်ကြိုတင် ပြင်ဆင်မှုပြုလုပ်ခြင်း၊ ဖြစ်ပေါ်လာပါက တက်ညီလက်ညီ ဟန်ချက်ညီစွာ ရင်ဆိုင်ကျော်လွှားခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုအခြေအနေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍  လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဟူ သော လမ်းညွှန်ချက်ဖြင့် အလေးအနက်စီမံဆောင်ရွက်လျက်ရှိသည်။

မုန်တိုင်းအခြေအနေနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ပြည်သူများသို့ အသိပေးထုတ်ပြန် ပေးနိုင်ခဲ့ သည်။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ကမ်းရိုးတန်းမှတစ်ဆင့်  ကုန်းတွင်း ပိုင်းသို့မဝင်ရောက်မီကပင် မုန်တိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ကြိုတင်ပြင်ဆင် စောင့်ကြည့်လေ့လာစီမံခန့်ခွဲမှု ပြုလျက်ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် နာဂစ်မုန်တိုင်းကဲ့သို့ အဖျက်စွမ်းအားကြီးမားသော်လည်း နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ကြိုတင်ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှုကောင်းများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ထူးခြားစွာ လျှော့ချနိုင် မည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို (၉)ရက်ခန့် ကြိုတင်ပြင်ဆင် နိုင်ခြင်းမှာ လည်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုအနည်းဆုံး အခြေအနေဖြစ်ခဲ့သည်။

“မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မှ ကျန်ရှိမှုမရှိစေရေး ကူညီ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး  မိမိကိုယ်တိုင်မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၄ ရက် ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် အရေးပေါ် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

ယခုအခါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်သို့လည်းကောင်း၊   ထိုမှတစ်ဆင့်  အားကောင်းသော  ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ ၎င်းနောက် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ သွားခဲ့ပြီဖြစ်သည့်အတွက် မိုလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အစိမ်းရောင် အဆင့်သို့ သတ်မှတ်လိုက်ပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သက်ဆိုင်သူအားလုံးက မိမိတို့ကျရာ ကဏ္ဍတွင် ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုကြောင့် သဘာဝဘေးအန္တရာယ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။    ။