မုန်တိုင်းအလွန်ကာလ အကူအညီများ

မုန်တိုင်းအလွန်ကာလ အကူအညီများ

    ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်း ရပ်ဝန်းသည်တဖြည်းဖြည်း အားကောင်းလာကာ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း MOCHA အဖြစ်သို့ရောက်ရှိပြီး မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  မေ ၁၅ ရက် ၁၄၀၀ နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည်   သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင် စုဖွဲ့ထား ရှိခြင်းနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာကိုယ်စီလုပ်ငန်း တာဝန်များပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ် အစည်းအဝေးတစ်ရပ်ကို မေ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများကို တစ်ဦးချင်း လိုအပ်ချက်များ၊ အကြံပြုချက်များကို မေးမြန်းပြီး “ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရေး လေယာဉ် ယာဉ်ပေါ်အသင့်၊  ရေယာဉ်  ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ် ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန် လိုကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်ဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်များ အားလုံး   တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း”ပြောကြားခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းသို့  မုန်တိုင်းဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်တက်လာ၍ လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျင်စွာထုတ်ပြန်ခဲ့သည်။ ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များကို ဆောလျင်စွာပြင်ဆင်ထားရှိခဲ့သည်။ ကမ်းရိုးတန်း ဒေသများတွင်သာမက  ကုန်းတွင်းသို့ မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသများ၌လည်းထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ မုန်တိုင်းဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် အရန်ဆန်များကို ဒေသအလိုက်ကြိုတင် စုဆောင်းထားရှိခြင်း၊ တပ်မတော်မှ ရိက္ခာများနှင့် အမိုးသွပ်များ ကြိုတင်စုဆောင်း ထားရှိခြင်း၊ ခေါက်ဆွဲခြောက်နှင့် ရိက္ခာခြောက်များ၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ စုဆောင်း ထားရှိခြင်းများကို ကြိုတင် ဆောင်ရွက်ထားပြီးဖြစ်သည်။ အချိန်နှင့် တစ်ပြေးညီပေးပို့နိုင်ရေး၊   တပ်မတော် လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင် ထားရှိပြီးလည်းဖြစ်သည်။ အရေးပေါ် ရိက္ခာဖြန့်ဝေရာတွင် လျင်မြန်ထိရောက်မှု ရှိစေရေး၊ ရိက္ခာများဖြန့်ဖြူးပေးမှု အဆင်ပြေစေရေး အတွက် ထုပ်ပိုးမှုများကို လွယ်ကူစွာ သယ်ဆောင်နိုင်သည့် ထုပ်ပိုးမှုများ ဖြစ်အောင်ပြင်ဆင် ထားရှိပြီးဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်မှ ဆေးဝါးများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ပြင်ဆင်စုဖွဲ့ ထားရှိပြီးဖြစ်သလို တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်များကိုလည်း အသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါသည်။ အဆိုပါဆေးရုံရေယာဉ်များ အပေါ်၌ အရေးပေါ် စားနပ်ရိက္ခာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အသင့်တင်ဆောင် ထားရှိသည်။ မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကုသပေးနိုင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင် စီမံထားရှိသည်။

ပြောင်းရွှေ့ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း အနေဖြင့် မုန်တိုင်းတိုက်ခတ် နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်းခြင်း မပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး ပစ္စည်းများပို့ဆောင်နိုင်ရေး   ကြိုတင်ပြင်ဆင် ထားပြီးဖြစ်သည်။ ထို့အတူ အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့အပြင်  အဖွဲ့နှစ်ဖွဲ့ကိုလည်း   ထပ်မံဖွဲ့စည်း ထားရှိပြီး လိုအပ်သည့်နေရာသို့ လိုအပ်သည့်အချိန်တွင် ကူညီကယ်ဆယ်ရေး ပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး အသင့်ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။

မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများ ပါမက မုန်တိုင်းသက်ရောက်နိုင်သည့် ကုန်းတွင်းပိုင်း ဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အန္တရာယ်များအတွက် သတိရှိစေရေး လှုံ့ဆော်ပြန်ကြား ဆောင်ရွက်ပေးလျက်ရှိသည်။ မုန်တိုင်း သတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ သိရှိစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ သဘာဝဘေးဒဏ်သင့် ဒေသများတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

AHA Center နှင့်   ပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်လျက်ရှိပါသည်။

နိုင်ငံအချို့နှင့် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (The AHA Center)  မှ  သဘာဝဘေး အန္တရာယ်ဆိုင်ရာ  ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အကူအညီပေးရန် ကမ်းလှမ်းထားကြောင်း သိရှိရသည်။

မုန်တိုင်းမိုခါကြောင့်  သဘာဝဘေးအန္တရာယ် ကျရောက်သော  ဒေသများရှိပြည်သူများ မည်သူတစ်ဦးတစ်ယောက်မှ  ကျန်ရှိမှုမရှိစေရေး   ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်  မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အလွန့်အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါမစတင်မီ မေ ၆ ရက်ကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီခေါ်ယူ၍ ရေးဆွဲပြီး သဘာဝ ဘေးအန္တရာယ်စီမံချက်များ တည်မြဲအမိန့်များအပေါ် မူတည်၍မုန်တိုင်း ဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊  ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့်ကြိုတင်ပြင်ဆင်ဆောင်ရွက် စရာရှိသည်များကို    (၉)ရက်ခန့် ကြိုတင်ပြင်ဆင်နိုင်ခဲ့သည်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်)အစည်းအဝေးကို မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင်  “မုန်တိုင်းအလွန် ကာလ   လိုအပ်သည့် အကူအညီများနှင့်  မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက်  ဌာနအလိုက် ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းတစ်လျှောက်နှင့် မုန်တိုင်းအဝိုင်းအဝန်း တစ်လျှောက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန် ကာလပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပုံမှန်အနေအထားသို့ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”( MOCHA)၏အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ တိုက်ခတ်မှုအရှိန်ကြောင့် မေ  ၁၄ ရက်တွင်  နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ  ရပ်ကွက်/ကျေးရွာ ၄၄ ခု၌ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အအုံ သုံးလုံး၊  ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊       စာသင်ကျောင်း သုံးကျောင်း၊ လေဆိပ်နားနေဆောင် တစ်လုံး၊ လမ်းမီးတိုင်ရှစ်တိုင်၊ ထရန်စဖော်မာ တစ်လုံးနှင့် အုတ်တံတိုင်းတစ်ခု၊  ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ငါးခု၌ လူနေအိမ်နှစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံနှစ်လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ခုနစ်ခု၌ လူနေအိမ်တစ်လုံး၊  ဆက်သွယ်ရေး တာဝါတိုင်သုံးတိုင်၊ လမ်းမီးတိုင်တစ်ခု၊ အုတ်တံတိုင်း သုံးခု၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂ ခု၌ လူနေအိမ် ၁၁၃ လုံး၊ ဆက်သွယ်ရေး တာဝါတိုင်နှစ်လုံး၊ လမ်းမီးတိုင်တစ်လုံး၊ ဆိုင်းဘုတ်တစ်ခု၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ၁၄ ခု၌ လူနေအိမ်နှစ်လုံး၊  လမ်းမီးတိုင် ကိုးခု၊ အုတ်တံတိုင်းသုံးခုနှင့် ဒေသခံပြည်သူများ၏ စိုက်ခင်း ၇၈ ခင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း၌ သာသနိက အဆောက်အအုံလေးလုံး၊ ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၈၅ ခု၌ လူနေအိမ်၅၈၈ လုံး၊ သာသနိက အဆောက်အအုံ သုံးလုံး၊ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ကိုးလုံး၊ ဈေးတစ်ခု၊ ဆက်သွယ်ရေး တာဝါတိုင်တစ်ခု၊  လမ်းမီးတိုင်ခုနစ်ခု၊ ထရန်စဖော်မာတစ်ခု၊    ဌာနဆိုင်ရာ အဆောက်အအုံ ၂၆ လုံး၊ အခြားပျက်စီးမှု ၁၈၁ ခု၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၅ ခု၌ လူနေအိမ် ၁၅ လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်းလေးကျောင်း၊ ဆက်သွယ်ရေး တာဝါတိုင် တစ်ခု၊ လမ်းမီးတိုင် ၃၆တိုင်၊ ထရန်စဖော်မာတစ်လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ ခြောက်လုံး၊ ဘောလုံးကွင်း တစ်ကွင်းနှင့်  ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ခု၌ လူနေအိမ် ၁၃၁ လုံး၊ သာသနိက အဆောက်အအုံတစ်လုံး၊ ဘုန်းတော်ကြီးကျောင်းငါးကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ဆေးခန်းငါးလုံး၊ လမ်းမီးတိုင် ကိုးတိုင်၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြကြောင်းနှင့် ဒေသခံပြည်သူ စစ်တွေမြို့တစ်ဦး၊ တောင်ကုတ်မြို့တစ်ဦး၊ ရေကြည်မြို့ တစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ အချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရသေ့တောင်မြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်မြို့နှင့်ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် အသေးစိတ်ထပ်မံ စစ်ဆေးမှုဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ကြေညာချက်အမှတ်(၁/၂၀၂၃)တွင် အဆိုပါအလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA)ဖြတ်သန်း တိုက်ခတ်မှုကြောင့်  ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊  ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊  မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊  မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁  အရ  သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ အဖြစ် ကြေညာထားကြောင်း သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ နယ်မြေခံ တပ်မတော်သားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ ထားရှိသည့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးလျက် ရှိကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အလွန့်အလွန်အားကောင်းသော နာမဝိသေသနနှင့်အညီ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်ခဲ့သည်။ မုန်တိုင်းရွေ့လျားရာ တစ်လျှောက်ရှိ ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု ရှောင်ရှားကြပါရန် အချိန်နှင့်တစ်ပြေးညီ အသိပေးချက် ထုတ်ပြန်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးခဲ့သည်။မုန်တိုင်းနှင့် ပတ်သက်၍ အရေးပေါ်တုံ့ပြန်နိုင်ရေးကို ကြိုတင် ဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင်ဖွဲ့စည်းထားရှိသော လုပ်ငန်းကော်မတီ ၁၂ ခုကလည်း သက်ဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြသည်။ မုန်တိုင်းမဝင်ရောက်မီ၊ ဝင်ရောက်နေဆဲနှင့် ဝင်ရောက်ပြီး အချိန်ကာလများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နေပါကြောင်း အသိပေး တင်ပြအပ်ပါသည်။  ။

ဘုန်းမောင်ဝင်း(ဖျာပုံ)