ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် လပ္ပတ္တာမြို့ တို့ရှိ မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် လပ္ပတ္တာမြို့ တို့ရှိ မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်၊ မေ - ၁၆

       ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် ငပုတောမြို့၊ ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များ အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများကို အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက် ပံ့ ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ငပုတော မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင် နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအတွင်း ရေးမှူး၊ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မုန်တိုင်းသင့်ပြည်သူများ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူး က အားပေး စကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက  မုန်တိုင်းသင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြပြီး မုန်တိုင်းသင့် ပြည်သူ များအား လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။

      အလားတူ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဖျာပုံမြို့နယ်၊ မြောင်းမြ မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်များသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများအား အမိုးသွပ်များ၊ ခေါင်အုပ်သွပ်ပြားများ၊ သစ်များနှင့် သွပ်သံများ လှူဒါန်းခဲ့သည်။ ထို့နောက်နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပူးပေါင်း၍ သွပ်အမိုးများ လဲပေးခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လပ္ပတ္တာမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မုန်တိုင်းသင့်ပြည်သူများအား ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးရာတွင် နယ်မြေခံ တပ်မတော်သားများက လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။