အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်)
မူလအခြေအနေထက်ပိုမိုကောင်းမွန်ရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် စစ်တွေမြို့သို့သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့လေဆိပ်သို့ရောက်ရှိကြပြီး စစ်တွေမြို့အတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုသည်။ ထို့နောက်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် လတ်တလော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုများကို တင်ပြကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြန်လည်ပြောကြားရာတွင် “ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ် ရေးကို အမြန်ဆုံးပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ အများနှင့်သက်ဆိုင် သည့် ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ဦးစားပေးပြုပြင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန် လိုကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးမူလအခြေအနေသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)နှင့် စစ်ရေယာဉ် (မဟာဗန္ဓုလ)တို့သည်လည်းကောင်း၊ တပ်မတော်(လေ)မှလေယာဉ်၊ ရဟတ်ယာဉ်များသည် လည်း ကောင်း ကူညီကယ်ဆယ်ရေး ပစ္စည်းများကို မေလ ၁၆ ရက်နေ့တွင် ကူညီပို့ဆောင်ပေးလျက်ရှိပါသည်။
မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် ရဟန်းရှင်လူပြည်သူ အလှူရှင် များ၏ စုစုပေါင်းအလှူငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်းကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လက်ခံခဲ့သည်။ ထိုအလှူငွေများအနက်မှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်းပေါင်း ၇၀၀၀၀ နှင့်ထောက်ပံ့ရေး ပစ္စည်းများ ကို နိုင်ငံတော်အကြီးအကဲက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းမှုများ ရှိထားသည်။ အရေးကြုံလျှင် မြန်မာနိုင်ငံသားများသည် ငွေကြေး၊ ပစ္စည်းများ လှူဒါန်းမှုပြုကြသည်မှာ ဝမ်းသာကြည်နူးဖွယ် ဖြစ်သည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ်အတွင်းမြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ် ကျရောက် သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်သည်။ ပြည်သူများ ကျန်းမာရေးအတွက် ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး ရေသန့်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ရေတွင်းပတ်ဝန်းကျင် များကို ဦးစွာသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေတွင်းများအနီးရှိ ရေဆိုးရေညစ်များ၊ အညစ်အကြေးများကို ရှင်းလင်းရမည်ဖြစ်သည်။ သို့မှသာဝမ်းပျက်ဝမ်းလျှောရောဂါများအပြင် အခြားရောဂါဘယများလည်း ကင်းရှင်းမည်ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသည် နာဂစ်မုန်တိုင်းနီးပါးပြင်းထန်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှု အားကောင်းခဲ့သည့်အတွက် အသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံး၊ အသက်သာဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့ပါကြောင်း၊ တိုင်းပြည်၏ အားသည်ပြည်တွင်းမှာ သာရှိသည်ဆိုသည့် အတိုင်း ပျက်စီးမှုများမည်သို့ပင်ရှိပါစေ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ စည်းလုံး ညီညွတ်မှုဖြင့် ပြန်လည်တည်ဆောက်ရေးများကို ဆောင်ရွက်လျက်ရှိပေရာ မူလအနေအထားထက် ပိုမိုကောင်းမွန်သော အခြေအနေသို့ ရောက်ရှိမည်ဟု ယုံကြည်ပါကြောင်း။ ။