ကူညီကယ်ဆယ် မုန်တိုင်းအန္တရာယ်
အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)) “မိုခါ” (MOCHA) သည် မေ ၁၄ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာထားပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်းဆုံးနှင့် အမြန်ဆုံး ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မေ ၁၅ ရက်တွင်စစ်တွေမြို့ လေဆိပ်သို့ရောက်ရှိကြပြီး စစ်တွေမြို့အတွင်း ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
မုန်တိုင်းမကျရောက်မီ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ မြို့နယ်အလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိခဲ့သဖြင့် ထိခိုက်မှု အသက်သာဆုံးနှင့် ပျက်စီးမှု အနည်းဆုံးဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တယ်လီဖုန်းဆက်သွယ်မှု လိုင်းများပြတ်တောက်မှု မရှိရေး ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်တွေလေယာဉ်ကွင်းသို့ လေယာဉ်များ နေ့ညမရွေး ဆင်းသက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ အမြန်ဆုံးပြန်လည် ကောင်းမွန်စေရေး လိုက်လံစစ်ဆေးပေးခြင်း၊ ဓာတ်တိုင်များ ပြန်လည်ထောင်မတ်နိုင်ရေး မှာယူထားရှိမှုနှင့် ဝန်ထမ်းအင်အား အလုံးအရင်းဖြင့် အမြန်ဆုံးပြန်လည်မီးပေးနိုင်အောင် ဆောင်ရွက်ခြင်း၊ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ရခိုင်ပြည်နယ်အတွင်း ဆေးရုံ၊ ဆေးခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့ပြီး အထူးဆေးကုသရေး အဖွဲ့ နှစ်ဖွဲ့ဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ဆေးပစ္စည်းများ၊ ရေသန့် ဆေးပြားများ ထပ်မံမှာယူ၍ ခွဲစိတ်ခန်းများကိုလည်း အသင့်အသုံးပြုနိုင်ရေး စီမံထားရှိခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာပေးစာစောင်များ၊ အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့် ပညာသင်ကြားရေး ဖြစ်သည့် အခြေခံပညာ အထက်တန်းကျောင်းများကိုလည်း ဦးစားပေးပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံး မူလအခြေအနေသို့ရောက်ရှိလာမည်ဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ပေသည်။ မုန်တိုင်းမကျရောက်မီ ကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့တို့ရှိ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter များသို့ ဒေသခံပြည်သူ ၂၃၇၀၀ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီး အခြားဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးမှု အနေဖြင့် ၆၂၆၈၄၉ ဦး၊ IDP စခန်းများတွင် ရောက်ရှိနေသူများအနက်မှ ၆၂၃၁၉ ဦးတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါသည်။
မုန်တိုင်းစတင်ဝင်ရောက်သည့် ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် တစ်နာရီ လေတိုက်နှုန်းမှာ ၆၀ မိုင်ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီခွဲအချိန်အထိ တစ်နာရီလေတိုက်နှုန်းမှာ ၁၂၀ မိုင်အထိရှိခဲ့ကာ အပြင်းဆုံး လေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့သည်။ မုန်တိုင်းအန္တရာယ် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့မှုများကြောင့်မုန်တိုင်းတိုက်ခတ်ချိန်တွင် လူ့အသက်အန္တရာယ် ထိခိုက်မှုများကို အနည်းဆုံးအခြေအနေဖြင့် ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများလည်း ဆောင်ရွက်နေပြီဖြစ်သည်။
မေ ၁၅ ရက်တွင် မုန်တိုင်းသင့်ပြည်သူများ အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန် ၅၀၀ အိတ်၊ ဘီစကွတ်အထုပ်ကြီး ၄၂၅ အိတ်နှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များကို နေပြည်တော်လေဆိပ်မှ စစ်တွေမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပထမအကြိမ်ဖြင့် လည်းကောင်း၊ ဆန် ၃၅၀ အိတ်၊ ဘီစကွတ် အထုပ်ကြီး ၃၂၅ အိတ်၊ ဆက်သွယ်ရေးပစ္စည်းများ၊ တပ်မတော်ဆေးအဖွဲ့များနှင့် ဆေးပစ္စည်းများကို ဒုတိယအကြိမ်ဖြင့် လည်းကောင်း၊ ရဟတ်ယာဉ်ဖြင့် ဘီစကွတ်အထုပ်ကြီး ၁၄၀ အိတ်နှင့် ဆန်အိတ် ၇၀ အိတ်ကိုလည်းကောင်း ယနေ့ နံနက်ပိုင်းတွင် အသီးသီး ကူညီပို့ဆောင်ပေးခဲ့ရာ စစ်တွေလေဆိပ်တွင် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဟု သိရှိရပါသည်။
မေ ၁၆ ရက်တွင် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၁၀၀၊ ရေသန့်ဘူးများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၈၀ အိတ်၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများဖြစ်သည့် ကြက်သားအာလူး၊ ငါးတန်အချိုပေါင်း၊ ငါးသလောက်၊ သီးစုံဘူးများ၊ ဘီစကွတ်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများကို တင်ဆောင်၍ ဒုတိယအကြိမ်အဖြစ် လည်းကောင်း သွားရောက် ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
အလားတူ မေ ၁၆ ရက်နံနက်ပိုင်းတွင်လည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံစက္ကူဖာ ခုနစ်ဖာ၊ မီးစက်အကြီးတစ်လုံး၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများမ ှတွေ့မြင်ကြားသိရသည်မှာ အားတက်ဖွယ်ကောင်းလှသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ငါးဦးစာရိက္ခာထုပ် ၆၀၀၀ ထုပ်(၆၀ တန်ခန့်)၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ်၁၂၀၀၀ အိတ် (၆၀၀ တန်)၊ တာပေါ်လင်လိပ် ၁၀၀၀ (၃၇ တန်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးမှ ဆန် ငါး ပြည်ဝင်အိတ် ၁၀၀၀၀ အိတ်(၁၀၅ တန်ခန့်)၊မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အိမ်ရိုက်သံ ၃၅ တန်၊ သွပ် ၄၀၀၀၀ ချပ်(၁၆၀ တန်)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile ကားတစ်စီး(၅ တန်)၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း၁၇ တန် စုစုပေါင်း ၁၀၁၉ တန်ခန့်အားဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် တင်ဆောင်၍ လည်းကောင်း၊ စစ်ရေယာဉ်(မဟာဗန္ဓုလ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဓာတ်ဆားထုပ်၈၈၀၀ ထုပ်၊ ကြက်ဥအလုံး ၅၀၀၀၊ ရေသန့်နှင့် အသား/ငါးများ၊ ငါးပိ ၁၀၀ ပိဿာ၊ငါးခြောက် ၈၀၀ ပိဿာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥအလုံး ၁၀၀၀၀၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀အိတ်(၂၅ တန်) စုစုပေါင်း ၂၈ ဒသမ ၂ တန်ခန့်အား အမှတ်(၄)ရေတပ်ဆိပ်ခံ တံတားတွင် တင်ဆောင်၍ လည်းကောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပို့ဆောင်ရန် ထွက်ခွာသွားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့ အတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေး အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော် ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းများရှိပါက အတိုင်းအတာတစ်ခုအထိ အနည်းငယ်လျော့ကျ သွားနိုင်သည်မှာ လက်တွေ့မျက်မြင်ပင်ဖြစ်သည်။
သဘာဝဘေးအန္တရာယ် ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့်အချိန်တွင် ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းမဝင်ရောက်မီ ငါးရက်ခန့် ကတည်းက မုန်တိုင်းကြိုတင်သတိပေးချက်များ ထုတ်ပြန်ပေးနိုင်ခဲ့သဖြင့် ယခုကဲ့သို့ မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများ ထိခိုက်သေဆုံးမှုများကို များစွာ ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် ပြင်းထန်သည့်မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။
ယခု သဘာဝဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ သဘာဝဘေးဒဏ် ခံနိုင်သည့် လေကာပင်များနှင့် အုန်းပင်များကို တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားရန် လိုအပ်ပြီး မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် ရဟန်း ရှင်လူပြည်သူ အလှူရှင်များ၏ စုစုပေါင်း အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်းကို လက်ခံရရှိခဲ့ကြောင်း၊ ယင်းအနက်မှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ် သိန်းပေါင်း ၇၀၀၀၀ အသုံးပြုသွားမည်ဖြစ်ပြီး အခြားမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကိုပါ ခွဲဝေလှူဒါန်း ပေးသွားမည်ဖြစ်သည်။
မုန်တိုင်းကြောင့်ထိခိုက်မှုများ ဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်း သိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကို ကျင်းပ၍ အလှူငွေ များကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ “တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိအနေဖြင့်ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတက်သရော ပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ AHA Center မှ တာဝန်ရှိသူများ အနေဖြင့်လည်း အကူအညီများ ပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ အခြားနိုင်ငံများ အနေဖြင့်လည်း အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းလာမှုများလည်းရှိသည်။
ယခုကဲ့သို့ တိုင်းပြည်အနေဖြင့် အခက်အခဲကြုံတွေ့နေရချိန်တွင် စိတ်စေတနာ ထက်သန်စွာဖြင့် မည်သူ့၏ တိုက်တွန်းမှုမှ မပါဘဲ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းကြသူ အလှူရှင်များနှင့် အဝေးမှလှူဒါန်းသည့် အလှူရှင်များ၏ စိတ်စေတနာကို လေးစား တန်ဖိုးထားပါကြောင်း၊ ဝမ်းလည်းဝမ်းမြောက်ပါကြောင်း၊ “တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုသည့်အတိုင်း မိမိတို့တိုင်းပြည်အတွက် ဆောင်ရွက်ချိန်တွင်
အရေးကြီးမှ သွေးစည်းသည်မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တိုင်းပြည်မှလိုအပ်လာချိန်တွင် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့တိုင်းပြည် သွားချင်သည့် လမ်းကြောင်းပေါ်တွင် သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်း နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။
နီလာ