၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်းပွဲများပြုလုပ်

၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်းပွဲများပြုလုပ်

နေပြည်တော်၊ မေ - ၁၇

          ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ် သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။

          ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်း လူငယ်စခန်း သင်တန်းဆင်းပွဲကို ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင် ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်ချုပ်ထိန်းဝင်း  တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ရေကြောင်း လူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို စခန်း(၁၁) တွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၇၁၂)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ အတွင်း အခြေခံရေတပ်သားဘာသာရပ်၊ အခြေခံရေကူးနည်း၊ ရေကြောင်း လမ်းညွှန် အခြေခံသဘောတရားများ၊ ရေတပ်သားအခြေခံအချက်ပြ ဆက်သွယ်ရေး ဆိုင်ရာနှင့် လှေလှော်ရွက်တိုက်နည်းများ၊ အသုံးချရေတပ်သားဘာသာရပ်၊ အသုံးချ ရေကြောင်း လမ်းညွှန်ဆိုင်ရာများ၊ နက္ခတ္တဗေဒနှင့်ဂျီပီအက်စ်အပါအဝင် ရေကြောင်း သွားလာရေး ဆိုင်ရာများကို သင်ကြားပို့ချပေးပြီး စစ်ရေယာဉ်များဖြင့် လက်တွေ့စီးနင်း လိုက်ပါခြင်း များ၊ စစ်ရေယာဉ် များပေါ်တွင် တပ်ဆင်အသုံးပြုသည့် လက်နက်နှင့် လက်နက်စနစ် များ၊ ရေယာဉ်တည်ဆောက်နေမှုများ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့လေ့လာခြင်းများဆောင်ရွက်ကာ ရေကြောင်းလူငယ် စခန်းပေါင်းစုံတွေ့ဆုံပွဲနှင့် ပြိုင်ပွဲများကိုလည်းပြုလုပ်ခဲ့ကြသည်။

          အဆိုပါ သင်တန်းသား၊ သင်တန်းသူများသည် နည်းပြများ၊ အသင်းအုပ်ချုပ်သူ များလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်များဖြင့် နေပြည်တော်သို့ ထွက်ခွာလာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များကကြိုဆိုခဲ့ကြသည်။

အလားတူ တပ်မတော်(လေ)က လေကြောင်းလူငယ်စခန်း စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ  လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြား သည်။ အဆိုပါသင်တန်း ဆင်းပွဲအခမ်းအနားတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသားများ၊  သင်တန်းစခန်းအလိုက် ထူးချွန်ဆုရရှိသော  သင်တန်းသားများနှင့် အကောင်းဆုံး သင်တန်းစခန်းဆုများကို ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။ နေ့လယ်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများသည် နည်းပြ/အုပ်ချုပ်သူများလိုက်ပါ၍ မိတ္ထီလာမြို့ မှနေပြည်တော်သို့ ထွက်ခွာလာကြောင်း သတင်းရရှိသည်။