အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ မေ ၁၈ ရက်)
စိုက်ပျိုးရေးစွမ်းအားမြှင့်တင်ရေး
နိုင်ငံတော်၏ စီးပွားရေးတွင် အဓိကတည်ရှိသည်မှာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍ မြင့်မားမှုရှိလေလေ နိုင်ငံစီးပွားရေး တိုးတက်လေလေဖြစ်ပေမည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဖြင့် အဓိကကုန်ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံ၏ဂျီဒီပီတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ သုံးရပ်ရှိသည်။ စိုက်ပျိုးရေးကဏ္ဍ၌ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုကဏ္ဍ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဆောင်ရွက်ကြခြင်း ဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံ့စီးပွားရေးတွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေခြင်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး သည်တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် နှီးနွှယ်နေသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိကြသည်။ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်နေသူများဖြစ်ကြောင်းသိရှိရသည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက် ပေးနိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ ထူးခြားတိုးတက် ပြောင်းလဲလာမည် ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် စပါးနှင့်ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ၊ ပြောင်းနှင့် မီးဖိုချောင်သုံးသီးနှံများ၊ လက်ဖက်၊ ရော်ဘာ၊ ကော်ဖီ၊ ဆီအုန်းစသည့် စက်မှုကုန်ကြမ်းသီးနှံများကိုအများ ဆုံးစိုက်ပျိုးလျက်ရှိသည်။ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉ သန်းရှိသည်။ လယ်စိုက်ပျိုးမှုအနေဖြင့် ၁၃ ဒသမ ၁၇၅ သန်းရှိကြောင်းသိရှိရသည်။ ယခုနှစ်တွင် အဆိုပါမိုးစပါးစိုက်ပျိုးမြေများမှ ၁ ဒသမ ၈ သန်းခန့်တွင် နွေစပါးစိုက်ပျိုးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ ဝတ်ရေးဖူလုံစေရေးအတွက် ဝါစိုက်ပျိုးမှုများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်က ဝါစိုက်ပျိုးမှု ရှစ်သိန်းကျော်ရှိခဲ့ပြီး၂၀၂၂ ခုနှစ်တွင် ဝါစိုက်ပျိုးမှုမှာ ဧက ၄ ဒသမ ၅ သိန်းခန့်သာရှိသည့်အတွက် ဝါစိုက်ပျိုးမှုများကို ယခင် စိုက်ပျိုးဧကအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက်လိုအပ်သည့် ချည်မျှင်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ အလားတူအဆင့်မီသည့် ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက်လည်း နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း လုံလောက်စွာ ထုတ်လုပ် နိုင်ပါက ပြည်ပမှချည်ထည်များ တင်သွင်းနေမှုကိုလျှော့ချနိုင်မည်ဖြစ်သည်။
ဆီထွက်သီးနှံ စိုက်ပျိုးမှုအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျစိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန်ပေါင်း ၁ ဒသမ ၃၆၉ သန်း ထွက် ရှိလာမည်ဖြစ်သည်။ ဆီထွက်သီးနှံများ စိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက်နှုန်း တိုးတက်စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများ စားသုံးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပဲစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုး အပါအဝင်ကော်ဖီနှင့် ပြောင်းတို့မှာလည်း ကမ္ဘာပေါ်တွင် လိုအပ်ချက်ရှိသည့် သီးနှံများဖြစ် သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၁၀ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးသို့တက် ရောက်အမှာစကားပြောကြားရာတွင် “နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး အလေးထားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ထုတ်လုပ်မှုကိုမြှင့် တင်ပေးရန်နှင့် သီးထပ်စွမ်းအားများကိုမြှင့်တင်အောင် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လယ်ယာစိုက်ပျိုးခြင်း နှင့်ဆီထွက်သီးနှံများကိုသာမက မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေကိုပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် နယ်ပယ်ပေါင်းစုံမှစဉ်းစား၍ ဆောင်ရွက်ကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူ၍ လေးမျိုးရှိပေရာ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အဓိကကျသည်။ ရေကိုအကျိုးရှိရှိထိရောက်စွာ အသုံးချပြီး စိုက်ပျိုးမည် ဆိုပါက အပင်များရှင်သန်ဖြစ်ထွန်းမည်ဖြစ်သည်။ စိုက်ပျိုးဧကတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက် နှုန်းများ တိုးတက်စေရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မြေအောက်ရေ ထုတ်ယူသုံးစွဲရာတွင် ရေကိုထိန်းထိန်းသိမ်းသိမ်း ထုတ်ယူသုံးစွဲရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှဆောင်ရွက်သကဲ့သို့ အချို့သောလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍအနေ ဖြင့်လည်း ဆောင်ရွက်ရမည် ဖြစ်သည်။ သို့မှသာ စိုက်ပျိုးရေးစွမ်းအား မြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။