ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သော အလွန့် အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကား မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သော်လည်း မိုခါ၏ ဖြတ်ကျော် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုမ

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး

    မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သော အလွန့် အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကား မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သော်လည်း မိုခါ၏ ဖြတ်ကျော် တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ ကျန်ရစ်ခဲ့သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် မေလ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ်သို့ လည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင်  ချင်းပြည်နယ် မြို့နယ် ၄ မြို့နယ်တို့အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ်သို့ လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော  ဒေသများအဖြစ် ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံအတွင်း အလွန့်အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီကပင်  မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်မှ မကျန် သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရန်  စီမံဆောင်ရွက်မှု၊   လမ်းညွှန်မှုများပေးကာ ကြိုတင်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ အပါအဝင် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ မုန်တိုင်းအလွန်ကာလ လိုအပ်သည့် အကူအညီများနှင့် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက် ဌာနအလိုက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရုံး(command Post)အား မေလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဖွင့်လှစ်ထားရှိပြီး ခရိုင် ၄ ခရိုင်နှင့် မြို့နယ် ၁၇ မြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့သည်။  မြို့နယ်အလိုက်    ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆန်၊ ဆီ၊ ဆား၊ ငါးပိနှင့် စက်သုံးဆီအရန် ဝယ်ယူထားရှိခြင်း၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးသိုလှောင်ထားရှိခြင်း၊ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးနှင့် ဆက်သွယ်မှု မပြတ်တောက်စေရေး ဆောင်ရွက်ထားရှိခြင်းများကို   ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် စစ်တွေမြို့သို့ သွားရောက်ပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များ ပေးအပ်နိုင်ရေး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့  လေဆိပ်သို့ရောက်ရှိကြပြီး စစ်တွေမြို့အတွင်း   ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုသည်။ ထို့နောက်   ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် လတ်တလော ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်နှင့်ပြည်နယ်အစိုးရ အဖွဲ့တို့မှသက်ဆိုင်ရာ ကဏ္ဍအလိုက်   ဆောင်ရွက်လျက်ရှိမှုများကို တင်ပြကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြန်လည်ပြောကြားရာတွင် “ရခိုင်ပြည်နယ်အားပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလ အခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး  အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများကလည်း  ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူ အများဆုံးအသုံးပြုသည့် လမ်းများကို   ဦးစားပေး ရှင်းလင်းပေးရန် လိုကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့မှ  စက်ယန္တရားတို့ ပေါင်းစပ်ဆောင်ရွက်ရန် လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆေးရုံများ သန့်ရှင်းရေးနှင့် ဘိုးဘွားရိပ်သာများကို  ခရိုင်နှင့်မြို့နယ်များ အလိုက်   ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများက ဦးစားပေး ဆောင်ရွက်ကြရန်၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို  အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားရန်၊  မုန်တိုင်းတိုက်ခတ်ချိန်တွင် အုန်းပင်များ ပြိုလဲမှုမရှိသည်ကို တွေ့ရသည့်အတွက် အုန်းပင်များနှင့်  လမုပင်များအား သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ကမ်းစပ်တစ်လျှောက်နှင့် ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးကြရန်၊ သဘာဝဘေးအန္တရာယ်တွင် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍  သဘာဝဘေးဒဏ် ခံနိုင်သည့် လေကာပင်များကိုလည်း  တိုးချဲ့စိုက်ပျိုးကြရန်   နိုင်ငံတော် အကြီးအကဲက  လမ်းညွှန်ခဲ့သည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းမှုများ ရှိထားသည်။ အရေးကြုံလျှင် မြန်မာနိုင်ငံသားများသည် ငွေကြေး၊ ပစ္စည်းများ လှူဒါန်းမှုပြုကြသည်မှာ ဝမ်းသာကြည်နူးဖွယ်ဖြစ်သည်။ ပြည်သူများကျန်းမာရေးအတွက် ရေတွင်းရေကန်များ သန့်ရှင်းမှု ရှိစေရေး ရေသန့်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ရေတွင်းပတ်ဝန်းကျင်များကို ဦးစွာသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေတွင်းများအနီးရှိ ရေဆိုးရေညစ်များ၊ အညစ်အကြေးများကို ရှင်းလင်းရမည်ဖြစ်သည်။

သို့မှသာ   ဝမ်းပျက်ဝမ်းလျှောရောဂါများ အပြင် အခြားရောဂါဘယများလည်း  ကင်းရှင်းမည်ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ် အတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများနှင့်  မုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့ရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသများမှ ထိခိုက်ပျက်စီးခဲ့မှုများအတွက်  နိုင်ငံတော်က ဦးဆောင်၍ ပြန်လည်ကယ်ဆယ်ရေးနှင့်  ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိပါသည်။ မုန်တိုင်းသင့်ဒေသများ၌   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို မေလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

နိုင်ငံတော်အကြီးအကဲက “ယခုကဲ့သို့ တိုင်းပြည်အနေဖြင့် အခက်အခဲ ကြုံတွေ့နေရချိန်တွင် စိတ်စေတနာ ထက်သန်စွာဖြင့် မည်သူ၏ တိုက်တွန်းမှုမှ မပါဘဲ ကိုယ်တိုင်ကိုယ်ကျ  လှူဒါန်းကြသူ အလှူရှင်များနှင့်   အဝေးမှလှူဒါန်းသည့် အလှူရှင်များ၏ စိတ်စေတနာကို  လေးစား တန်ဖိုးထားပါကြောင်း၊ ဝမ်းလည်း ဝမ်းမြောက်ပါကြောင်း၊   တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း မိမိတို့တိုင်းပြည်အတွက် ဆောင်ရွက်ချိန်တွင် အရေးကြီးမှ သွေးစည်းသည် မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တိုင်းပြည်မှ လိုအပ်လာချိန်တွင် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြမည် ဆိုပါက မိမိတို့တိုင်းပြည် သွားချင်သည့် လမ်းကြောင်းပေါ်တွင် သာယာဖြောင့်ဖြူးစွာ   လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားခဲ့သည်။  ထိုနေ့က လှူဒါန်းမှု စုစုပေါင်းအလှူငွေမှာ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်းဖြစ်ပါသည်။

ထိုအလှူငွေများအနက်မှ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်းပေါင်း ၇၀၀၀၀ နှင့်ထောက်ပံ့ရေး ပစ္စည်းများကို နိုင်ငံတော် အကြီးအကဲက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

ယခုအခါ မုန်တိုင်းဒဏ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း   ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်လျင်မြန်မြန် ဆောင်ရွက်နေပြီဖြစ်သည်။

မေလ ၁၆ ရက်နေ့တွင် တပ်မတော်(ရေ)မှစစ်ရေယာဉ် (မဟာဗန္ဓုလ)ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ဂြိုဟ်တုဖုန်း ၁ စုံ၊ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဂျုံခေါက်ဆွဲ ၅၀ ထုပ်၊ ဓာတ်ဆားထုပ် ၈၈၀၀ ထုပ်၊ ကြက်ဥ ၁၄၃၀၀ လုံး၊ ကြက်သား ၃၀ ပိဿာ၊ ရေသန့် ၁၀ ကတ်၊ ငါးပိ ၁၀၀ ပိဿာ၊ ငါး ၂၀၀ ပိဿာ၊ ငါးခြောက် ၈၀၀ ပိဿာ၊    ဆန် ၅ အိတ်၊  အသီးအရွက်၊ မီးစက် ၁ လုံး၊ လေအိတ် ၁၂ လုံး (၁၅ တန်)၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ကြက်ဥ ၁၀၀၀၀ လုံး၊ မြေခင်းစ ၂ လိပ်၊ ဆေးပစ္စည်း ၁ ဖာနှင့် ၂ အိတ်(၁ တန်)၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀ အိတ်၊ တာပေါ်လင်စ ၂၀၀ လိပ်(၃၂.၄ တန်) စုစုပေါင်း ၄၈.၄ တန်ခန့်နှင့်   ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် တပ်ဖွဲ့များအား တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားခဲ့ပြီး  မေ ၁၇ ရက် ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။

အလားတူ စစ်ရေယာဉ်(မုတ္တမ)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးမှ ၅ ပြည်ဝင်ဆန်အိတ် ၁၀၀၀၀ အိတ်(၁၂၅ တန်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးမှ ၇ မယ်ရိက္ခာထုပ်  ၈၃၂.၅ ထုပ်၊    အမှတ်(၉၈၁)ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဆယ်တင်သွပ်၂၆၇၃၇ ချပ်၊ သွပ်သံ ၉၁ ဖာ၊ အမိုး Screw ၁၆ဖာ၊ ချိန်းဆော ၂၀ လက်(၁၅၁ တန်)၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ အမယ်စုံထောက်ပံ့ ပစ္စည်း ၃၀၀ ပုံး၊  ခေါက်ဆွဲခြောက် ၁၆၄ ထုပ်၊ ရေသန့် ၂၀၀ ကတ်၊ ပုဆိုး ၇၅၀ ထည်(၃ တန်)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သွပ် ၄၇၈၉၀ ချပ်၊  သွပ်သံ ၇၂ ဖာ၊ အိမ်ရိုက်သံ ၁၆၅၆ ဖာနှင့် ၉၄ အိတ်၊ စားအုန်းဆီ ၂၀၀၈၀ ဘူး(၂၄၂ တန်)၊   နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စည်သွတ်ဘူး ၇၄၉ ဖာနှင့် ၁ အိတ်(၂၀ တန်)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၅၅၇ အိတ်၊ တာပေါ်လင်စ ၃၀၀ လိပ် (၂၈၉ တန်)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile Van ၂ စီး၊ တာဝါတိုင် ၁ စုံ၊ Cable  ကြိုး ၂ ခွေ(၃၅ တန်)၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေသန့်စင်စက် ကား ၂ စီး(၄၄ တန်)၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ မီးစက်(နောက်တွဲပါ) ကား ၂ စီး၊ ဒီဇယ်ဆီ ၂၀ လုံး(၁၉ တန်) စုစုပေါင်း ၉၂၈ တန်ခန့်နှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် တပ်ဖွဲ့များကို တင်ဆောင်၍ မေလ ၁၆ ရက်နေ့နံနက် ၁၁ နာရီတွင် စစ်တွေမြို့သို့ ထွက်ခွာသွားပြီး မေလ ၁၇ ရက်နေ့ ညပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့်   မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်သောကူညီ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ  မုန်တိုင်းဒဏ်သင့်မြို့နှင့်ကျေးရွာများသို့ ဆက်လက် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ထိခိုက်ခဲ့သည့်ဒေသခံ ပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်  စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို လည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

မေလ ၁၆ ရက်နေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ လှူဒါန်းသည့် ဆေးပစ္စည်းမျိုးစုံအိတ် ၁၀၁၀ အိတ်၊ ရေသန့်ကတ် ၃၃၄ ကတ်၊ ဘီစကွတ် ၂၁၈ ဖာ၊ ခေါက်ဆွဲခြောက် ၇၀၀ ဖာနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၀၀ အိတ်၊ ရေသန့်ဘူးများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများနှင့် စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးပစ္စည်းများကို တင်ဆောင်၍ ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများ ဖြစ်သည့်  ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ ငါးသလောက်၊ သီးစုံဘူးများ၊ ဘီစကွတ်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများကို တင်ဆောင်၍   တတိယအကြိမ်အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၈၀ အိတ်၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွတ်ဘူးများဖြစ်သည့် ကြက်အာလူး၊ မျှစ်စားတော်ပဲ ဆက်သွယ်ရေးပစ္စည်းများကို တင်ဆောင်၍ စတုတ္ထအကြိမ်အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၀၀ အိတ်နှင့် ရေသန့်ကတ် ၄၉၈ ကတ်တို့ကို တင်ဆောင်၍  ပဉ္စမအကြိမ်အဖြစ် လည်းကောင်း သွားရောက် ပို့ဆောင်ပေးခဲ့သည်။

ထို့အတူ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံ စက္ကူဖာ ၇ ဖာ၊ မီးစက်အကြီး ၁ လုံး၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဆက်သွယ်ရေး တာဝါတိုင် ဆက်စပ်ပစ္စည်းများနှင့် ခေါက်ဆွဲခြောက် ၁၆၈ ဖာတို့ကို ဒုတိယအကြိမ်အဖြစ် လည်းကောင်း တင်ဆောင်၍  ရန်ကုန်မင်္ဂလာဒုံ လေဆိပ်မှစစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးခဲ့သည်။ အလားတူ သွပ်ချပ်များနှင့် ခေါက်ဆွဲခြောက် ၁၀၀ ဖာတို့ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ ပို့ဆောင်ပေးခဲ့သည်။ မေလ ၁၆ ရက်နေ့ တစ်နေ့တည်းတွင်  ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့်  နေပြည်တော်မှ စစ်တွေမြို့သို့ ငါးကြိမ်၊ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ နှစ်ကြိမ်၊ ရန်ကုန်မှ ကိုကိုးကျွန်းသို့ တစ်ကြိမ် စုစုပေါင်း ၈ ကြိမ် ပျံသန်းပို့ဆောင်ပေးခဲ့သည်။

သဘာဝဘေးကြုံတွေ့ ခံစားနေရသူများအတွက် ကူညီထောက်ပံ့မှုများမှာ အမှန်တကယ် လိုအပ်နေသည့်သူများကို ပေးအပ်ခြင်းကြောင့် သာမန်အချိန်များထက်  ဝမ်းမြောက်ဖွယ်ဖြစ်သည်။  ရေနစ်သူသည် မြက်တစ်ပင်ကလေးကိုသော်မှ မျှော်လင့်နေသကဲ့သို့ပင် ဖြစ်သည်။ မြန်မာတို့၏ လှူဒါန်းမှု စေတနာသဒ္ဓါတရားများ အထူးပင် လေးစားထိုက်လှသည်။ တပ်မတော်သားများ၊ မိသားစုများ၏ အလှူများမှာလည်း  ပိုမိုမွန်မြတ်သော အလှူဟုဆိုနိုင်သည်။ သူတို့သည် သက်စွန့်ဆံဖျားနိုင်ငံ့တာဝန် ထမ်းဆောင်နေကြသူများပီပီ အရေးကြုံလျှင် လိုအပ်သည့်နေရာတွင် ဖြည့်စွမ်းပေးကြသည်။ လူအား၊ ပစ္စည်းအား၊ စိတ်ခွန်အားတို့ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အားတက်သရော ပါဝင်လုပ်ဆောင်လျက် ရှိကြသည်။ တပ်မတော်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း မိဘပြည်သူများအတွက် အမြဲအသင့်ရှိနေကြသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ကူညီကယ်ဆယ်မှု၊ ထောက်ပံ့ကူညီမှုများ ပေးအပ်နေရာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် လပွတ္တာမြို့တို့ရှိ မုန်တိုင်းသင့်ပြည်သူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့် တာဝန်ရှိသူများက မေလ ၁၆ ရက်နေ့တွင် အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။   အလားတူ ဖျာပုံ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်းမြို့တို့သို့လည်း သွားရောက်၍ သွပ်ပြားများ၊ သစ်များနှင့်သွပ်သံများ လှူဒါန်းခဲ့သည်။

ထို့ပြင် မေလ ၁၆ ရက်နေ့မှာပင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ပြည်သူများအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လျက် ရှိကြသည်။ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းမှု ပြုကြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များနှင့် ကယ်ဆယ်နေရာချထားရေး လုပ်ငန်းများအတွက်  လိုအပ်သော စက်သုံးဆီများကို စဉ်ဆက်မပြတ် ဖြည့်တင်းပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိသည်။

မေလ ၁၆ ရက်နေ့တွင် MT ဇမ္ဗူတန်ဆောင် ဆီတင်ရေယာဉ်ဖြင့် ပရီမီယံ ဒီဇယ်ဆီဂါလန် နှစ်သိန်းကိုသယ်ယူ ပို့ဆောင်ပေးခဲ့ရာ  စစ်တွေမြို့သို့ ရောက်ရှိ၍ စက်သုံးဆီချယူခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။ သီလဝါမှပေးပို့သော ဆီတင်ယာဉ်ဘောက်ဆာ တစ်စီးမှာလည်း စစ်တွေမြို့သို့ရောက်ပြီဖြစ်သည်။ ထို့ပြင် ထပ်မံ၍ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ  MT Khine Khine Phyo-33 ၊  MT Khine Khine Phyo-34 ကမ်းရိုးတန်းသွား စက်သုံးဆီ  Tanker  များဖြင့် ဒီဇယ်ဆီ၂၅၀၀၀၀ ဂါလန်၊ ဓာတ်ဆီ 92 Ron ၂၀၀၀၀၀ ဂါလန်တို့ကို လည်း ထပ်မံဖြည့်တင်း သယ်ယူပို့ဆောင်ပေးလျက်ရှိရာ မကြာမီ စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ်ပါသည်။   စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များနှင့် ကယ်ဆယ်နေရာချထားရေး လုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီများအပြင် ကျန်ကဏ္ဍစုံ လုပ်ငန်းများ အတွက်ကိုလည်း စဉ်ဆက်မပြတ် ဖြည့်တင်းပေးနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးတို့ကို  စနစ်တကျကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက် တိုက်ခတ်မှုကြောင့် မေလ ၁၆ ရက်နေ့ သတင်းများအရ တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိကအဆောက်အအုံ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေး တာဝန်တိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်မှာ အားရကျေနပ်ဖွယ် ကောင်းလှသည်။   အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်း ပြည်တွင်းပြည်ပ စေတနာရှင်များကို ဖိတ်ခေါ်ထားပါသည်။  မြန်မာကျပ်ငွေများကို  အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ OA-011834 သို့ လည်းကောင်း၊ နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)ကို Natural Dissaster Management Fund IDA-0300086 သို့ လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးထားပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် ဖွင့်လှစ်ထားသည့် အလှူခံဌာနများသို့လည်း သဒ္ဓါတတ်အားနည်းများမဆို ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာ  ရှိသည်ဆိုသည့်အတိုင်း နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်းကာ  မုန်တိုင်းမဝင်မီ ကာလတွင် နိုင်ငံတော် အကြီးအကဲ၏ စဉ်ဆက်မပြတ် လမ်းညွှန်မှုဖြင့် ကြိုတင်ကာကွယ် ပြောင်းရွှေ့ခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုဖြစ်ပွားခဲ့သော မိုခါဆိုင်ကလုန်း မုန်တိုင်းမှာ ၂၀၀၈ ခုနှစ်မေလက ဖြစ်ပွားခဲ့သော “နာဂစ်”မုန်တိုင်းနီးပါး ပြင်းထန်ခဲ့သည်။ ထိုသို့ပြင်းထန်သော်လည်း ကြိုတင်ပြင်ဆင်မှုများကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံး၊ အသက်သာဆုံးဖြစ်ခဲ့ပါသည်။ယခုအခါ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လျင်လျင်မြန်မြန်ဖြင့် လိုအပ်သည့်နေရာများသို့ လိုအပ်သည့်ပစ္စည်းများ ပြည့်စုံစွာရောက်ရှိရေး ဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)