မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက်)

    မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ(၂၀၂၃)ကို နေပြည်တော်တွင် ၂၀၂၃ ခုနှစ် မေ ၁၈ ရက်မှ၂၀ ရက်အထိ ကျင်းပရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။  ဤညီလာခံသည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး  ပညာရေးနှင့် ဆက်စပ်သည့်ဝန်ကြီးဌာန  ၁၁ ခု စုပေါင်းကျင်းပသည့် ညီလာခံလည်းဖြစ်သည်။ ညီလာခံကို  လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရေးနှင့် အနာဂတ်ပညာနယ်ပယ် ကဏ္ဍများ အချိန်နှင့်တစ်ပြေးညီ တိုးတက်စေရန်ရည်ရွယ်၍  စာတမ်းများ ဖတ်ကြားခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများ ဆောင်ရွက်ကြမည်ဖြစ်သည်။  အဆိုပါဆွေးနွေးပွဲများမှ တစ်ဆင့်  ပညာရေး ဆိုင်ရာများကို အဖြေရှာသုံးသပ်ပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်၍ ပညာရေးကဏ္ဍကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပညာရေးကဏ္ဍ တိုးတက်စေရေးကို အထူးအလေးထား တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၁၂)ရပ် နောက်ဆုံးအချက်တွင်   ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေး ဆိုသည့်အချက်ပါဝင်သည်။ အဆိုပါဦးတည်ချက်နှင့်အညီ  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို ကျင်းပ သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)တွင် မြန်မာ့ပညာရေးနှင့် စပ်လျဉ်း၍ (၁) ပညာရေးတန်းစဉ် ကူးပြောင်းမှုနည်းပါးခြင်းကို  ကုစားနိုင်မည့် နည်းလမ်းရှာရန်၊ (၂)  KG+9 ပညာရေးကို  အမျိုးသားရေး ကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးက ဆောင်ရွက်ရန်၊ (၃) အသက်မွေးဝမ်းကျောင်း အခြေခံ ရရှိရေးအတွက် Grade10,Grade11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များ သင်ကြားရန်၊   (၄) လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် ပညာရပ်၊  ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာသင်ကြားပြီး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်၊ (၅) အဆင့်မြင့်ပညာကို   ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင်   လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရန်၊ (၆) ဝိဇ္ဇာ၊ သိပ္ပံနည်းပညာရှင်များမွေးထုတ်ရန်တို့အပြင် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ရှိလာစေရန်ဟူသော အချက်များကို အဖြေရှာသွားကြမည်ဖြစ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ၊တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာစေရန် ရည်မှန်းချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် အဆိုပါလမ်းညွှန်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊   တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာစေရန်  သက်ဆိုင်ရာ ကဏ္ဍများအလိုက်   အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ပါသည်။  ကျင်းပမည့်ပညာရေး ညီလာခံမှ  နိုင်ငံ၏အနာဂတ် လူငယ်များအတွက် ကောင်းမွန်သည့် အဖြေများ၊ ကောင်းမွန်သည့် အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတော်မှ အကောင်အထည်ဖော်နေသည့် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူရေး၊ ကျောင်းထွက်သူ လျော့နည်းရေးမှသည် လုံးဝမရှိတော့သည် အထိ ဆောင်ရွက်နိုင်ရေး အစီအစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။ KG+9 ပညာရေးပြီးမြောက်သည့်အခါ စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များ၊ သက်မွေးပညာရပ်များကို သင်ယူ တတ်မြောက်စေပြီး လက်တွေ့လုပ်ငန်းခွင်သို့ သွားရောက်နိုင်သည့်လမ်းကြောင်းနှင့် ထိုမှတစ်ဆင့် အဆင့်မြင့်ပညာအထိ ပေါင်းကူးတက်ရောက်နိုင်ရန် လမ်းကြောင်းများ ရှိပြီဖြစ်သည့်အပြင်   လက်တွေ့လုပ်ငန်းခွင်သို့ ဦးမတည်ဘဲ အဆင့်မြင့်ပညာရေးသို့   ဆက်လက်လေ့လာ ဆည်းပူးနိုင်သ ည့်လမ်းကြောင်းများလည်း     ထင်ထင်ရှားရှား ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် “အမျိုးသား ပညာရည်မြင့်မားရေး နှစ်(၃၀) နှစ်ရှည်စီမံကိန်း “ ကို ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ချမှတ်အကောင်အထည် ဖော်ခဲ့ပြီး နှစ်  ၃၀ နှစ်ရှည်စီမံကိန်းကို ငါးနှစ်စီမံကိန်းခြောက်ခု သတ်မှတ်ခဲ့သည်။  ၂၀၀၃ ခုနှစ်မှ ၂၀၁၉  ခုနှစ်အထိ  နှစ်စဉ်ရန်ကုန်မြို့ စိန်ရတုခန်းမ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊  တောင်ကြီးတက္ကသိုလ်နှင့် မော်လမြိုင် တက္ကသိုလ်တို့တွင်  အလှည့်ကျကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ယခုညီလာခံကြီးမှာ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက ဆက်စပ်နေသည့် ဝန်ကြီးဌာန ၁၁ ခုနှင့်အတူ ညီလာခံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပညာရှင်များ တက်ရောက်ကာ  စုပေါင်းဆောင်ရွက်ကြမည့် ညီလာခံဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်   နိုင်ငံတော်အဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံကြီးဖြစ်သည့်အတွက်   အောင်မြင် တိုးတက်မှုများနှင့်အတူ  ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။    ။