မိုခါ(MOCHA) မုန်တိုင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့၊ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီ လူမျိုး ၄ဝဝ ဦး သေဆုံးသည်ဟု လူမှုကွန်ရက်များတွင် ဖော်ပြနေသော သတင်းများအပေါ် သတင်းမှန်ပြန်ကြားခြင်း

မိုခါ(MOCHA) မုန်တိုင်းတိုက်ခိုက်မှုကြောင့် စစ်တွေမြို့၊ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီ လူမျိုး ၄ဝဝ ဦး သေဆုံးသည်ဟု လူမှုကွန်ရက်များတွင် ဖော်ပြနေသော သတင်းများအပေါ် သတင်းမှန်ပြန်ကြားခြင်း

နေပြည်တော်၊ မေ - ၁၉

    မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ IDP Camp များတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး ၄၀၀ ဦး သေဆုံးသည်ဟု လူမှုကွန်ရက် စာမျက်နှာ အချို့တွင်ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ၁၂ ရက်နေ့နံနက်ပိုင်းမှစတင်ပြီး ရခိုင်ပြည်နယ်(၁၇)မြို့နယ်သို့ IDP Camp များ အပါအဝင် လေဘေးရေဘေးအန္တရာယ်မှ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်း နိုင်ရေးအတွက် ပြည်နယ်၊သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ ပြည် နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ဦးဆောင်၍ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအဆင့်ထိ ရွှေ့ပြောင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ရွှေ့ပြောင်းရာတွင်လည်း စနစ်တကျ ဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများ နှင့် ကလေးများ၊ မသန်စွမ်းများ၊ကိုယ်ဝန်ဆောင်များအား ရွှေ့ပြောင်းပြီးမှသာလျှင် ကျန်းမာသန်စွမ်းသူများအား အသုတ်လိုက် ရွှေ့ပြောင်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုရှိ ခိုလှုံဘင်္ဂါလီ လူဦးရေ ၁၂၅၇၈၉ ဦးအနက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လိုအပ်သည့် ၆၃၃၀၂ ဦးခန့်အား ဘေးလွတ်ရာ အဆောက်အဦများနှင့် ဆိုင်ကလုန်း Shelter များသို့ ရွှေ့ပြောင်းနိုင်ခဲ့ပါသည်။ ဆိုင်ကလုန်း မိုခါဝင်ရောက်ပြီးနောက် မေလ ၁၇ ရက်အထိ မြေပြင်ကောက်ခံရရှိသည့် စာရင်းများအရ တပ်မတော်သား ၄ ဦး၊ ဒေသခံတိုင်းရင်းသား ၁၈ ဦးနှင့် ဘင်္ဂါလီ ၂၆ ဦး၊ စုစုပေါင်း ၄၈ ဦး သေဆုံး ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။ မေလ ၁၈ ရက်နေ့ ထပ်မံရရှိသတင်းအရ ဒေသခံ ၆ ဦးနှင့် ဘင်္ဂါလီ ၉၁ ဦး၊ ပေါင်း ၉၇ ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။ ရရှိသတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။ ယခု သေဆုံးသူများသည် တာဝန်ရှိသူများမှ ပြောင်းရွှေ့ပေးမှုအပေါ် လိုက်ပါခြင်း မရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ်များ၌ ကျန်ရှိခဲ့သူများသာ ဖြစ်ပါသည်။ သို့ဖြစ်၍ လူမှုကွန်ရက်များတွင် ဖော်ပြနေသည့် ဘင်္ဂါလီလူမျိုး သေဆုံးသူဦးရေ ၄၀၀ ကျော် ဆိုသည်မှာ မှန်ကန်မှုမရှိပါ။ ထို့ကြောင့် မမှန်သတင်းများ ထုတ်လွှင့်ကာ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်နေသည့် မီဒီယာ စာမျက်နှာအချို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။