အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မေ - ၁၉

    တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

    ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ပါဝင်သည့် အင်အား ၂၅ ဦးနှင့် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ၊ ဘီစကစ်မုန့်များ၊ ဘဲဥ ၅၀၀ ဖာ၊ ဆိုလာ ၁၉ ဖာ၊ ဆေးပစ္စည်း ၉၇ ဖာ၊ ခေါက်ဆွဲခြောက် ၃၀၀ ဖာ၊ ခေါက်ဆွဲ ၁၅၅၄ တွဲ၊ မုန့်မျိုးစုံ ၁၀၀ ဖာ၊ ငါးသေတ္တာ ၅ ဖာ၊ ဆန်ပြုတ် ၁၀ ဖာ၊ ဓာတ်ဆား ၈ အိတ်၊ သွပ်ပြား ၂၆၇ ချပ်၊ စက္ကူဖာ ၃ ဖာ၊ အရေးပေါ်သုံးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ၉ ခေါက် ပို့ဆောင်ပေးခဲ့သည်။

    ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေး သင်တန်းကျောင်းမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၃၅၈ ဦးအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တံတားဦးလေဆိပ်မှ စစ်တွေ လေဆိပ်သို့ ယနေ့တွင် တပ်မတော်လေယာဉ်ဖြင့် ၅ ကြိမ် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ကူညီကယ်ဆယ်ရေး အဖွဲ့များအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍လည်း အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀၀ ဦးအထိ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့်  ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။