စိမ်းသောမြေကို ယာယီမုန်တိုင်းနှင့် ယာယီအဖျက်အမှောင့်တို့ ထာဝစဉ်မလွှမ်းမိုးနိုင်ပေ

စိမ်းသောမြေကို ယာယီမုန်တိုင်းနှင့် ယာယီအဖျက်အမှောင့်တို့ ထာဝစဉ်မလွှမ်းမိုးနိုင်ပေ

“စိမ်းသောမြေကို ယာယီသွေးတို့ ထာဝစဉ် မလွှမ်းနိုင်” ဒီစာသားလေးက ကျွန်တော်ကြိုက်နှစ်သက်တဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့လက်ရာ “စိမ်းနေဦးမည့် ကျွန်တော့်မြေ” ဝတ္ထုထဲက အနှစ်ချုပ်လက်ရာ လေးပါ။ လက်ရှိဆောင်ရွက်နေတဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မြင်ရတော့ ဒီစာသားလေးကို   တိုက်ဆိုင်စွာသတိရမိပါတယ်။ ၂၀၂၃ ခုနှစ်  မေ  ၁၄ ရက်မှာ ကျွန်တော်တို့ နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အလွန့်အလွန်အင်အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ဟာ အခြားဒေသများထက် ဆိုးဆိုးရွားရွား အထိနာခဲ့တာကို အားလုံးသိပြီးကြပါပြီ။ မုန်တိုင်းပြီးပြီးချင်းမှာပဲ ဘက်ပေါင်းစုံ   ထိခိုက်ပျက်စီးခဲ့တာတွေကို   ကူညီဆောင်ရွက်ပေးဖို့   နိုင်ငံတော် အကြီးအကဲကိုယ်တိုင် အရှိန်မပြယ်သေးတဲ့ မုန်တိုင်းနောက်ဆက်တွဲ ဒဏ်တွေကိုမမှုအားဘဲ     ရခိုင်ပြည်နယ်ဆီ အရောက်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။ မုန်တိုင်းပြီးပြီးချင်း နောက်တစ်ရက်မှာ  သွားခဲ့တာပါ။ ၁၄ ရက်နေ့တုန်းကလည်း နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေး   ပြုလုပ်ခဲ့ပါသေးတယ်။

မုန်တိုင်းမဖြစ်ခင်ကာလ၊ ဖြစ်ဆဲကာလနဲ့ ဖြစ်ပြီး ကာလတွေမှာဆောင်ရွက်ဖို့ လိုအပ်တဲ့အရာတွေကို ကြိုတင် ပြင်ဆင်မှုအားကောင်းခဲ့တာကြောင့် ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်လောက် ပြင်းထန်တဲ့ ထိခိုက်မှုတွေ မရှိတာကို  တွေ့ရပါတယ်။ ဒါဟာ အဆိုးထဲက အကောင်းလို့ဆိုရမှာပါ။ မုန်တိုင်းဖြစ်ပြီး ချိန်ကနေ   ယနေ့ထိ   ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို   သတင်းစာမျက်နှာတွေမှာ အတော်များများ တွေ့နေရပါတယ်။ ကြိုတင် ပြင်ဆင်ထားတဲ့အတိုင်း ရခိုင်ပြည်နယ်ဆီကို  အခြေခံစားသောက်ကုန်တွေ ကစလို့ ဆန်နဲ့ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့  အခြားလူသုံးကုန်တွေကို  မြေပြင်၊ ရေပြင်၊ ဝေဟင် အသီးသီးကနေ ပို့ဆောင်နေကြတာကို အားလုံးမြင်ကြရမှာပါ။ ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသများမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် စေတနာရှင် အလှူရှင်တွေကနေ အလှူငွေ ပေးအပ်ပွဲတွေကိုလည်း မုန်တိုင်းပြီးပြီးချင်း နောက်တစ်ရက်မှာပဲ ချက်ချင်းဆိုသလို တွေ့ရတာ ကြောင့် မြန်မာလူမျိုးတို့ရဲ့  ထက်သန်တဲ့သဒ္ဓါတရားကို တွေ့မြင်နိုင်ပါတယ်။    မုန်တိုင်းဝင်နိုင်ကြောင်း သိရတာနဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဟာ အစည်းအဝေး နှစ်ကြိမ်အထိ ပြုလုပ်ပြီး   လိုအပ်တာတွေအတွက်   ကြိုတင်ပြင်ဆင်ထားရှိခဲ့ကြပါတယ်။   ပြည်သူလူထုသိရှိစေဖို့ အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။  မုန်တိုင်းဝင်တဲ့ နေ့က နေပြည်တော်မှာနေတဲ့  ကျွန်တော်တို့ပင်  ပြင်းထန်တဲ့ လေတိုက်နှုန်းဒဏ်ကိုခံရတာကြောင့် ရခိုင်ပြည်နယ်က ပြည်သူတွေ ဘယ်လိုနေမလဲဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ တွေးမိပါသေးတယ်။ နေပြည်တော် အပါအဝင် တချို့တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာလည်း  အပျက်အစီးအချို့ရှိခဲ့ပါတယ်။          

အချိန်အခါနဲ့ ရာသီဥတုကိုမတွက်အားဘဲ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ဒေသခံတွေဆီ  အချိန်မဆိုင်းဘဲ ရောက်အောင်သွားကာ လိုအပ်တာများ စီမံဆောင်ရွက်ပေးနေတဲ့ အကြီးအကဲရဲ့ ပုံရိပ်များကို မြင်ခဲ့ရတဲ့အတွက် ကျွန်တော့်ရင်ထဲမှာ တစ်မျိုးတစ်မည်ခံစားမိပါတယ်။ ဝမ်းသာပီတိ ဖြစ်သလိုလို ကြည်နူးမိတာလိုလို  ပြည်သူတွေအတွက်  ငါတို့ခေါင်းဆောင်ဟာ ငါတို့နဲ့အတူရှိပါ လားဆိုတဲ့  စိတ်ခံစားချက်နဲ့ မုန်တိုင်းဒဏ်သင့်သူတွေကိုယ်စား တွေးမိပါတယ်။  မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရတဲ့  ရခိုင်ပြည်နယ်ကို မူလအခြေအနေထက်ပိုကောင်းအောင် ဆောင်ရွက်သွားမယ်လို့လည်း သိရတဲ့ အတွက်လည်း ထပ်ဆောင်းပီတိ ဖြစ်ရပြန်ပါတယ်။  ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များအလိုက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ လမ်းညွှန်မှာကြားချက်တွေကိုလည်း သိရှိရပါ တယ်။ ဟုတ်ပါတယ်။ မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာပါ။ ဒါကြောင့်မို့ တက်ကုန်ဖွင့် ရွက်စုံ လွှင့်ဖို့ လိုပါတယ်။ ရခိုင်ပြည်နယ် ခရီးစဉ်အပြီးမှာတော့   ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဆီသွားရောက်ပြီး   သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရတဲ့အခြေအနေတွေကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေ လမ်းညွှန်မှာကြားခဲ့ပြန်ပါတယ်။    

ယနေ့အချိန်ထိ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးအသီးသီးဟာလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်နေကြပါတယ်။ နယ်ပယ်စုံ အလွှာစုံက အလှူရှင်များစွာရဲ့ တစ်တပ်တစ်အား ပါဝင်လှူဒါန်းမှုတွေကလည်း သာဓုခေါ်၍ မဆုံးနိုင်အောင်ပါပဲ။   အလှူရေစက် လက်နဲ့မကွာတဲ့  ကျွန်တော်တို့မြန်မာတွေရဲ့စိတ်ရင်းကို ခုလိုချိန်မှာတွေ့ရတာ  အင်မတန် အားရကျေနပ်ဖို့ကောင်းပါတယ်။ ဒါဟာ  We are Myanmar ဆိုတဲ့စိတ်ကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးအကျပ်အတည်းတွေ ရှိလင့်ကစား ပြည့်အင်အား ပြည်တွင်းမှာသာရှိတဲ့ သော့ချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခဲ့နိုင် တာကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ အပေါင်းလက္ခဏာပြလာတဲ့ အနေ အထားတွေကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ စေတနာရှင်တွေကလှူဒါန်းကြတဲ့ အလှူငွေတွေကို ကြည့်ခြင်းအားဖြင့်   နာလန်ထဦးမော့လာခဲ့တဲ့ စီးပွားရေးကိုသုံးသပ်နိုင်မှာပါ။                      

သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့အရာပါ။ လူတို့ကြောင့် ထိခိုက်ပျက်စီးလာတဲ့ ကမ္ဘာကြီး ဟာ လူတွေကိုပြန်ဒုက္ခပေးတာ မဆန်းပါဘူး။ ကမ္ဘာ့နိုင်ငံအားလုံး   အတူတူခံစားနေရတာပါပဲ။ မတူတာ တစ်ခုကတော့ သဘာဝဘေးအန္တရာယ်ကို ပြန်လည်တုံ့ပြန်နိုင်မှုပါ။ တုံ့ပြန်တယ်ဆိုတဲ့နေရာမှာ တစ်ဦးကောင်း တစ်ယောက်ကောင်းမရပါဘူး။ ဘောလုံးအသင်းတစ်သင်းမှာ ကစားသမား တစ်ယောက် တည်းက ထူးချွန်နေလို့မရသလို နိုင်ငံတစ်နိုင်ငံမှာလည်း ထိုနည်းအတိုင်းပါပဲ။  ခေါင်းဆောင်တော်ဖို့ လိုသလို ခေါင်းဆောင်ကို ပံ့ပိုးပေးကြမယ့်သူတွေကလည်း အရည်အချင်းရှိဖို့လိုပါတယ်။ မိုခါဆိုင်ကလုန်း မုန်တိုင်း နိုင်ငံအတွင်း ဝင်ရောက်နိုင်ခြေရှိတာကို တွက်ဆမိတာနဲ့ လိုအပ်တာတွေကို မတုံ့ဆိုင်းဘဲ  ပြင်ဆင်ခဲ့ကြခြင်းဟာ စီမံခန့်ခွဲမှုပိုင်နိုင်ခြင်းကို သက်သေပြတာပါပဲ။ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန် ခြင်းကို ဖော်ညွှန်းတာပါ။ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ရာမှာ စာတွေ့နဲ့လက်တွေ့ပေါင်းစပ်ပြီး ကျွမ်းကျင် ပိုင်နိုင်တဲ့ စီမံခန့်ခွဲမှုဆောင်ရွက်ချက်တွေကသာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေ မှာပါ။          

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေမှာ ကိုယ့်နိုင်ငံအသင်း ဗိုလ်လုပွဲတက်ရင် နိုင်ငံ့အကြီးအကဲတွေ ကိုယ်တိုင်တက်ရောက်အားပေးပြီး   စိတ်ဓာတ်မြှင့်တင်မှုတွေ ပြုလုပ်ပေးတာ တွေ့ခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ နိုင်ငံ့အားကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ခေါင်းဆောင်ကို  အသိအမှတ် ပြုသလို ပြည်သူတွေ ဘေးဒုက္ခရောက်နေချိန်မှာ မိုးရွာ နေပူ ဆီးနှင်းမရှောင် ပြည်သူနဲ့ တစ်သားတည်းရှိကြောင်းပြသတဲ့    ခေါင်းဆောင်တွေကို ပိုလေးစားမိပါတယ်။    မုန်တိုင်းဘေးသင့်ခံရတဲ့ ပြည်သူတွေနဲ့အတူရှိခြင်း၊ သူတို့လိုအပ်နေတဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ  အထောက်အပံ့ပေးခြင်းကလည်း အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြတတ်တဲ့ ကျွန်တော်တို့ နိုင်ငံအကြီးအကဲရဲ့ တိုင်းပြည်နဲ့ ပြည်သူလူ ထုအပေါ်ထားတဲ့ မေတ္တာတရားနဲ့စေတနာတွေဖြစ်ပါတယ်။         

လွတ်လပ်ရေးရပြီးကတည်းက ကျွန်တော်တို့နိုင်ငံကို ထပ်မံပြိုကွဲဖို့ ပြည်တွင်းသစ္စာဖောက်တွေကို ကြိုးကိုင်နေတဲ့ နယ်ချဲ့မိစ္ဆာတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့လည်း သမိုင်းပေးသင်ခန်းစာတွေက တစ်ဆင့် ဝမ်းစာပြည့်နေတဲ့ တပ်မတော်ကြီးနဲ့ ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းနေတဲ့ တိုင်းရင်းသား ပြည်သူတွေကြောင့်  ဘယ်သောအခါမျှ အတိတ်ကလိုဖြစ်စဉ်မျိုး ကြုံတွေ့ရမှာ မဟုတ်ဘူး ဆိုတာ  ကျွန်တော်သာလျှင်မက  အမျိုး ဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်း သိကြပါတယ်။  ဘေးပယောဂ အခက်အခဲ အကျပ်အတည်းများစွာကြားကပဲ ပြည်တွင်းမှာသာရှိတဲ့ ပြည့်အင်အားတွေနဲ့ ကျွန်တော်တို့တွေ  အောင်ပွဲများစွာကို ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။ အနီးစပ်ဆုံးအောင်ပွဲများကတော့  နာဂစ်မုန်တိုင်းနီးပါး ပြင်းထန်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကို  အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ခြင်းနဲ့ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲက မြန်မာအားကစားသမားများရဲ့ အောင်မြင်မှု တွေပါပဲ။           

“စိမ်းသောမြေကို ယာယီသွေးတို့ ထာဝစဉ် မလွှမ်းနိုင်” ဒီစာသားလေးက ကျွန်တော်ကြိုက်နှစ်သက်တဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့လက်ရာ “စိမ်းနေဦးမည့် ကျွန်တော့်မြေ” ဝတ္ထုထဲက အနှစ်ချုပ်လက်ရာ လေးပါ။ လက်ရှိဆောင်ရွက်နေတဲ့ သဘာဝဘေးအန္တရာယ်  ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မြင်ရတော့ ဒီစာသားလေးကို  တိုက်ဆိုင်စွာ  သတိရမိပါတယ်။ ရခိုင်ပြည်နယ်နဲ့တကွ စိမ်းလန်းစိုပြည်တဲ့ တောတောင်ရှုခင်းတွေ၊ မြစ်ချောင်း အင်းအိုင်တွေ၊ သဘာဝအလှတရားတွေ ပိုင်ဆိုင်နေတဲ့ ကျွန်တော်တို့ နိုင်ငံဟာ လူတွေကြောင့်ရော သဘာဝဘေးအန္တရာယ်တွေကြောင့်ပါ အကြိမ်ကြိမ် ထိခိုက်ပျက်စီး ခဲ့ဖူးပါပြီ။ ဒါပေမဲ့လည်း တစ်ကြိမ်ကျရုံနဲ့ ကွဲတတ်တဲ့ဖန်ခွက်လိုမဟုတ်ဘဲ အကြိမ်ကြိမ် ပြန်ခုန်တက် နိုင်တဲ့ ရော်ဘာဘောလုံးလိုဖြစ်တယ်ဆိုတာ သက်သေများစွာ ပြခဲ့ပြီးပါပြီ။ ညီညွတ်တဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြည့်အင်အားတွေကို ယာယီမုန်တိုင်းတွေ၊ ယာယီအဖျက်အမှောင့်ပယောဂတွေက ထာဝစဉ် မလွှမ်းမိုးနိုင်ကြောင်းပါ။     ။

နွေကံ့ကော်(မြို့လှ)