အနိုင်ဂိုးသွင်းရှင် ဂါရတ်ဘေးလ်ကြောင့် ငါးမိနစ်အချိန်ရလျှင် ရီးယဲလ်ဝက်ဘ်ဆိုက်ဝင်ကြည့်မည်ဟု နည်းပြ မော်ရင်ဟိုခနဲ့

လန်ဒန်၊ ဘောလုံး

ရီးယဲလ်အသင်း အလိုမရှိတော့သဖြင့် အငှားခေါ်ခဲ့ရသည့် ဝေးလ်ထိပ်တန်း တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် နိုဝင်ဘာ ၁ ရက်ညက ဘရိုက်တန်နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲတွင် ပွဲချိန်နှောင်းပိုင်းမှ လူစားဝင် ကစားပြီး မကြာမီမှာပင်  အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းပေးနိုင်သဖြင့် စပါးနည်းပြ မော်ရင်ဟိုက အသင်းဟောင်းရီးယဲလ်ကို ပြက်ရယ်ပြုကာ ခနဲ့စကားဆိုခဲ့သည်။

ဘေးလ်သည် စပါးမှ ရီးယဲလ်သို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ဖြင့် ပြောင်း သွားပြီးနောက် ရီးယဲလ်တွင် ခုနစ်နှစ်အတွင်း လာလီဂါဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ ကလပ်ကမ္ဘာ့ဖလား သုံးကြိမ်ရယူပေးခဲ့ပြီး  အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခြေစွမ်းပြခဲ့သူ ဖြစ်သော်လည်း နည်းပြဇီဒန်း ရီးယဲလ်ကို တစ်ကျော့ပြန်နည်းပြလုပ်ပြီးနောက် ကစားခွင့်နည်းပါးလာခဲ့ပြီး ဝေးလ်လက်ရွေးစင် အသင်းအတွက်ကစားသည့်ပွဲစဉ်တစ်ခုတွင် ဂိုးသွင်းပြီးနောက် ဝေးလ်၊ ဂေါက်သီးနှင့်ရီးယဲလ်ဆိုသည့် စာတန်း ပါအလံကို ကိုင်စွဲအောင်ပွဲခံခဲ့သည်။

ထိုအောင်ပွဲခံမှုကြောင့် ရီးယဲလ်သည် တတိယဦးစားပေး အဆင့်သာရှိကြောင်း ပြသခြင်းဟုခံယူပြီး ရီးယဲလ် ပရိသတ်များက ဘေးလ်ကိုဒေါသထွက်ခဲ့ကာ ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်အထိ စပါးထံအငှားချလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်က  စပါးအသင်း ဝက်စ်ဟမ်းကို သုံးဂိုးပြတ်နိုင်နေပြီးမှ ဘေးလ်ကိုလူစားဝင်ခိုင်းပြီးနောက် သုံးဂိုးပြန်ပေးကာ သရေကျသွားခဲ့ရာ စပိန်ထိပ်တန်းအားကစားသတင်းစာများက ကပ်ဆိုးသည် ဘေးလ်နှင့် အတူစပါးသို့ လိုက်ပါနေဆဲဖြစ်သည်ဟု လှောင်ပြောင်ကာ မျက်နှာဖုံးတင်ဖော်ပြခဲ့ကြသည်။ ယခု ဘေးလ် သည် ဘရိုက်တန်နှင့်ပွဲတွင် အနိုင်ဂိုးသွင်းပြီးနောက် မော်ရင်ဟိုက “ဘေးလ်အတွက် အရမ်းကျေနပ်တယ်။ ငါးမိနစ်လောက်အချိန်ရရင် ရီးယဲလ်ဝက်ဘ်ဆိုက်မှာ သူတို့ဘာတွေပြောနေမလဲ ဝင်ကြည့်ဦးမယ်” ဟု ရီးယဲလ်အသင်းကို ခနဲ့သည့်စကားပြောခဲ့သည်။                    

Ref:Dailymail