အိုးထရက်ဖို့ဒ်ကွင်း၌ ၁၄ နှစ်ကြာ နိုင်ပွဲမရခဲ့မှုကို အာတီတာဖုံးကွယ်ထား

မန်ချက်စတာ၊ ဘောလုံး

အာဆင်နယ်နည်းပြ အာတီတာက မန်ယူနှင့်ပွဲမကစားမီ အသင်းသားများကို အိုးထရက် ဖို့ဒ်ကွင်း၌ မိမိတို့ အာဆင်နယ်အသင်း ၂၀၀၆ ခုနှစ်နောက်ပိုင်း ၁၄ နှစ်စလုံး နိုင်ပွဲတစ်ပွဲမျှမရခဲ့သည့် အစဉ်အလာဆိုးကို    မပြောပြခဲ့ဘဲ ဖုံးကွယ်ထားခဲ့ကြောင်း ပြောသည်။

ထိုပွဲတွင် အာဆင်နယ်အသင်းသည် အိမ်ရှင်မန်ယူထက် ပိုမိုမာကျောစွာ  ကစားနိုင်သကဲ့သို့ ကစားကွက်နှင့်    စိတ်ဓာတ်ပိုင်းအရလည်း အသာရသည့်အတွက် ထိုက်တန်စွာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အိုးထရက်ဖို့ဒ်ကွင်း၌ ၁၄ နှစ်ကြာ နိုင်ပွဲပျောက်ဆုံးခဲ့ရမှုကို ကစားသမားများအား ထိန်ချန်ထားခဲ့ခြင်းမှာ ယုံကြည်မှုပိုင်းထိခိုက်မည်ကို စိုးရိမ်၍ဖြစ်ကြောင်း ထုတ်ဖော်ပြောသည်။

အာတီတာက “ဒီကွင်းမှာ ၁၄ နှစ်စလုံးနိုင်ပွဲ မရခဲ့ဘူးဆိုတာကို ကျွန်တော့်ကစားသမားတွေ ကို မပြောပြခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စကို နှုတ်ဆိတ်နေခဲ့တယ်။ ကျွန်တော်က ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးချင်တာ တစ်ခုတည်းကြောင့်ပါ။  ကျွန်တော်တို့ အိုးထရက်ဖို့ဒ်ကွင်းမှာ အနိုင်လိုချင်စိတ်ပြင်းပြစွာ ထားရှိနိုင်တယ်ဆိုတာကို  စိတ်ဓာတ်ထည့်ပေးလိုက်တာပါ” ဟု ကြုံးဝါးပြောဆိုခဲ့သည်။

ထိုပွဲတွင် ပေါ့ဂ်ဘာကြောင့်ရသည့် ပယ်နယ်တီကို အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း က အမှားအယွင်း မရှိကန်သွင်းနိုင်ခဲ့ပြီး အသင်းအဓိက တိုက်စစ်မှူးဖြစ်သည့် အူဘာမီယန်း ဂိုးပြန်သွင်းနိုင်ခြင်းကိုလည်း     အာတီတာက ချီးကျူးခဲ့သည်။  အူဘာမီယန်းသည်  ရာသီအဖွင့်ပွဲပြီးနောက် ယခုပွဲမှသာ ဂိုးပြန်သွင်းနိုင်ခဲ့ရာ အာတီတာက  “သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်  အသင်းအတွက်  အများကြီးစွမ်းဆောင်ပေးနိုင်သူပါ” ဟု ပြော သည်။

Ref:Dailymail