ရန်ကုန်၊ ဘောလုံး
ရန်ကုန်ယူနိုက်တက် အသင်းသည် လာမည့်ရာသီကြိုပြင်ဆင်မှုအဖြစ် အသင်းခေါင်းဆောင်ဂိုးသမား ကျော်ဇင်ထက်နှင့် ဝါရင့်ကွင်းလယ်ကစားသမား ကြည်လင်းတို့ကို တစ်နှစ်စီ သက်တမ်းတိုးစာချုပ် ချုပ်ဆို လိုက်ကြောင်း အသင်းမီဒီယာတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက ပြောသည်။
ကျော်ဇင်ထက်နှင့် ကြည်လင်းတို့သည် ယခုနှစ် အောက်တိုဘာလကုန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
“ကျော်ဇင်ထက်နဲ့ ကြည်လင်းက ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်နှစ်စီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးပါပြီ။ သူတို့ရဲ့ အသက်အရွယ်နဲ့ ကစားနိုင်တဲ့အနေအထားပေါ် မူတည်ပြီး တစ်နှစ်စီ သက်တမ်းတိုးသွားဖို့ စီစဉ်ထားပါတယ်။ တခြားစာချုပ်သက်တမ်းကုန်တဲ့ ကစားသမားတချို့ကိုလည်း သက်တမ်းတိုးဖို့ အစီအစဉ်ရှိပါတယ်။ တရားဝင် စာချုပ်ချုပ်ဆိုပြီးရင် သတင်းထုတ်ပြန်ပေးပါမယ်” ဟု ဒေါ်သိမ့်သိမ့်ထွန်းက ပြောသည်။
ကျော်ဇင်ထက်သည် ၂၀၀၉ ခုနှစ်က ကမ္ဘောဇအသင်း (လက်ရှိ ရှမ်းယူနိုက်တက်အသင်း)နှင့် ပရော်ဖက်ရှင် နယ်ကစားသမားဘ၀ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ဇွဲကပင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။
ထို့နောက် ၂၀၁၇ ခုနှစ်က ရန်ကုန်ယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ပြီး လေးနှစ်ကြာကစားပြီးနောက် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းဖြစ်သည်။
ကြည်လင်းသည် ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်သည့် ၂၀၀၉ ခုနှစ်မှစ၍ကစားခဲ့သူဖြစ်ပြီး ၂၀၁၉ ဘောလုံးရာသီဝက်တွင် ဇွဲကပင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း ၂၀၂၀ ဘောလုံး ရာသီတွင် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ကိုရဲ