ဟံသာဝတီယူနိုက်တက်အသင်း AFC Cup ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး ပိုမိုကြိုးစားရန်လိုအပ်ကြောင်း အသင်းခေါင်းဆောင် ကိုကိုနိုင်ပြော

ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် လာမည့်နှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည့် 2021 AFC Cup ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်ရေး နှစ်ဆခန့် ပိုမိုကြိုးစားရန် လိုအပ်ကြောင်း အသင်းခေါင်းဆောင် ကိုကိုနိုင်က ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် အသင်းသမိုင်းတစ်လျှောက် အာရှအဆင့် AFC Cup ခြေစစ်ပွဲ အဆင့်ကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

“ကျွန်တော်တို့အသင်းအနေနဲ့ AFC Cup ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် အများကြီးကြိုးစားဖို့လိုပါတယ်။ ပြိုင်ဘက်အသင်းတိုင်းက အာရှအဆင့်ဖြစ်လို့ ကိုယ့်ထက် ခြေစွမ်းကောင်းတဲ့အသင်းတွေနဲ့ပဲ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အသင်းအနေနဲ့ AFC Cup မှာ အောင်မြင်မှုရဖို့ဆိုရင် နှစ်ဆလောက် ပိုကြိုးစားဖို့လိုပါတယ်” ဟု ကိုကိုနိုင်ကပြောသည်။

AFC Cup ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ကျင်းပရန် လျာထားကြောင်း အာရှဘောလုံး အဖွဲ့ချုပ် (AFC)မှ ထုတ်ပြန်ထားပြီး လက်ရှိတွင် ပြိုင်ပွဲကာလကို လျာထားခြင်းသာဖြစ်ကာ COVID-19 ရောဂါအခြေအနေပေါ် မူတည်၍ အပြောင်းအလဲဖြစ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ခြေစစ်ပွဲ ပထမအဆင့်နှင့် Play-off အဆင့်ပွဲစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပမည်ဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီလအတွင်း ကျင်းပရန်လျာ ထားကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် အုပ်စုအဆင့်၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကျင်းပမည့်ပုံစံကို ဒီဇင်ဘာလ အတွင်း အတည်ပြုနိုင်ဖွယ်ရှိကြောင်း ဗီယက်နမ်အခြေစိုက် VN Express မီဒီယာက ရေးသားဖော်ပြ ထားသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့် 2020 AFC Cup ပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရသည်။                

 ကိုရဲ