ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော် ပေးအပ်ချီးမြှင့်ခြင်း ကျင်းပ
နေပြည်တော်၊ မေ - ၂၁
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)(ဗဟို)မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းနှင့် ပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ ပြုလုပ်ရာ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်၊ သံဃာတော် များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA) (ဗဟို)နှင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျဏယုဝအသင်း(YMBA) အသင်းဝင်များ၊ ဘွဲ့တံဆိပ် ရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ တစ်ဦးက လျှောက်ထားတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ် များအား ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ် ပေးအပ်ချီးမြှင့်ကြပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။