စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၁

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေး အဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ရှိ မြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၉၆၂ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၅ ဦး၊ ခွဲစိတ်ရောဂါ ၈၀ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ သားဖွားမီးယပ်ရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၁၁၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၁ ဦး၊ မျက်စိရောဂါ ၂၁၇ ဦးနှင့် သွားရောဂါ ၁၄၅ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ သွားနှုတ်/ဖာ/ဆေးထည့် လူနာ ၁၀၈ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၀ ဦး၊ Ultrasound ရိုက်လူနာ ၇၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၉ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၆၅ ဦးတို့ကို ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်း များဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား အပူဒဏ်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်လိုအပ်သူ ဒေသခံပြည်သူ ၅၃၄ ဦးတို့ကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီး Mask များပေးဝေခဲ့သည်။ ၎င်းအပြင် ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများအား တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြရာ ဆေးကုသရန်လာရောက်သူ စေတနာရှင် ပြည်သူများက ဆေးကုသရေး အဖွဲ့များအား စားသောက်ဖွယ်ရာများ ပြန်လည် လှူဒါန်းကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက  လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။