တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) တို့မှ သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြို့သို့ ရောက်ရှိလေ့လာ

တပ်မတော်(ရေ)နှင့် တပ်မတော်(လေ) တို့မှ သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြို့သို့ ရောက်ရှိလေ့လာ

 နေပြည်တော်၊ မေ - ၂၁   

နေပြည်တော်သို့ ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့် သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချုပ်သူနည်ပြများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာကြရာ တာဝန်ရှိသူများ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။ အဆိုပါအဖွဲ့ သည် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးစဉ်များ ဆက်လက် သွားရောက်မည်ဖြစ်သည်။

အလားတူ တပ်မတော်(လေ)မှ အခြေခံလေကြောင်းလူငယ် သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းသား၊ သင်တန်းသူများသည် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်(လေ)မှ သင်တန်းသား၊ သင်တန်းသူများသည် အုပ်ချုပ်သူများ၊ နည်းပြများနှင့်အတူ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာရာ နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများသည် ဓာတ်ရောင်ခြည်ပေးနည်း ပညာဖြင့် အစားအစာနှင့် စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးများ အားမြှင့်တင်ပေးခြင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အဏုမြူ စွမ်းအင်ဝန်ကြီးဌာန၊ နျူကလီးယား စွမ်းအင်ဖြင့် လျှပ်စစ်စွမ်းအား ထုတ်လုပ်ခြင်း၊ နျူကလီးယားနည်းပညာ အသုံးပြု၍ သဘာဝ ပတ်ဝန်းကျင် ဓာတ်ရောင်ခြည် စောင့်ကြည့်တိုင်းတာခြင်း၊ အိုင်ဆိုတုပ်နည်းပညာ အသုံးပြု မြေအောက်ရေ အရင်းအမြစ်များ စီမံခန့်ခွဲရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ ရှေးဟောင်းအမွေအနှစ် များအား နျူကလီးယား နည်းပညာများ အသုံးပြု၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် နျူကလီးယား နည်းစနစ်ကို အသုံးပြု၍ ရောဂါရှာဖွေကုသခြင်း၊ နျူကလီးယားဓာတ်ရောင်ခြည်ကို အသုံးပြု၍ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ နျူကလီးယားနည်းပညာကို စက်မှုကဏ္ဍတွင် အသုံးချခြင်း စသည့် ပိုစတာများ၊ နမူနာပစ္စည်းပြခန်း၊ ဝန်ကြီးဌာနနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကိုပြသသည့် Video Hall    များကို      လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သတင်း ရရှိသည်။