ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေ - ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်   ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးသည် တာဝန်ရှိသူ များနှင့်အတူ သံတွဲမြို့နယ်ရှိ သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုများ၊ သောက်သုံး ရေကန်များ သိုလှောင်ထားရှိမှုအခြေအနေများ၊ လူနေအဆောက်အဦများ ပျက်စီး ဆုံးရှုံးခဲ့သည့်အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ မဒေးတောင်ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ မြောက်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် တာဝန်ရှိသူများနှင့်အတူ  မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိက အဆောက်အဦများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဘုန်းတော်ကြီး ကျောင်းများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ် လှူဒါန်းသည်။

ထို့အတူ ရသေ့တောင်မြို့နယ်သို့  ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ရသေ့တောင် မြို့အတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှု၊ အခြေခံ ပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်နေမှု၊ လေဘေးသင့်ပြည်သူများအား သောက်သုံးရေ၊ အဝတ်အထည် နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။