အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ မေ ၂၂ ရက်)
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍ စုံဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် အဓိကမောင်းနှင်အားသုံးရပ်ရှိပေရာ စီးပွားရေးမောင်းနှင်အားသည်လည်း တစ်ခု ပါဝင်သည်။ စီးပွားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်ကို အကောင် အထည်ဖော်ရာတွင်လည်း စီးပွားရေးသည် အဓိကဖြစ်သည်။
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် ပြည်ပမှ သွင်းကုန်လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ကာ ပြည်ပသို့ ပြန်လည် တင်ပို့နိုင်သည်အထိ ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် စီးပွားရေးဦးတည်ချက်တွင် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟူသော ဦးတည်ချက်ကို ချမှတ်ထားခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားရေး တိုးတက်မြှင့်တင်ရေး ရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့သည်။ အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံမှ ပထမဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ငွေကျပ် ဘီလီယံ ၂၃၀၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်းရန်ပုံငွေကျပ် ဘီလီယံ ၃၃၀ ကို မတည်ပေးအပ်ခဲ့ပြီး ဖြစ်သည်။
ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေကျပ် ဘီလီယံ ၇၀ မှ ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ရန်ပုံငွေထူထောင်နိုင်ရေးအတွက် ငွေကျပ် ၅၀ ဘီလီယံနှင့် မွေးမြူရေး လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၂၀ တို့ကို ခွင့်ပြုခဲ့သည်။ တတိယအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေလက်ကျန်ငွေမှ ငွေကျပ် ၅၂ ဘီလီယံကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသို့လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ငွေကျပ် ၈ ဘီလီယံစီ ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်းငွေကျပ် ၄၅၂ ဘီလီယံဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် တစ်ဦးချင်းအတွက် အများဆုံး ထုတ်ချေးရမည့် ချေးငွေပမာဏထက် ကျော်လွန်၍ ထုတ်ချေးထားသော ချေးငွေများအပေါ် လုံလောက်သော အာမခံရယူထားရေး၊ ချေးငွေ သက်တမ်းကာလအတွင်း အရင်း/အတိုးပုံမှန်ပြန်လည်ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ရောက် သော်လည်း စတင်ချေးယူခဲ့သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုးပြေကျေစွာ ပြန်လည် ပေးဆပ်စေရေးဆောင်ရွက်ရန်နှင့် ချေးငွေပေးဆပ်ပြီးပါက ချေးငွေပမာဏ သတ်မှတ်ချက်အတွင်းမှသာ ထုတ်ချေးသွားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့များသို့ အကြောင်းကြားထားပြီးဖြစ်သည်။ ထို့ပြင် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့များအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ခြောက်ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ပြီး စစ်ဆေးမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ ကူညီပေးလျက်ရှိပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်း မပျောက်မတည်ငွေများကို တိုးပွားလာစေရန်နှင့် အကျိုးရှိစွာစနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမည် ဖြစ်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အဓိကသုံးစွဲကြရန်ဖြစ်သည်။ ထိုသို့ဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေ အားလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် နိုင်ငံ့ စီးပွားတိုးတက်မြင့်မားရေးကို အားလုံးက တက်ညီလက်ညီ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။